ကရင်ပြည်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်ကို ထိုင်းနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ လူကုန်ကူးမှုများနှင့် အွန်လိုင်းငွေ လိမ်လုပ်ငန်း (ကျားဖြန့်) များတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဝရမ်းထုတ်လိုက်သည့် ဖြစ်စဉ်သည် ဒေသတွင်း၌ သာမက နိုင်ငံတကာ၏ အာရုံစိုက်မှု ခံနေရသည့် သတင်းတစ်ရပ် ဖြစ်လာခဲ့သည်။
စောမုတ်သုန် ဖမ်းဝရမ်းထုတ်ခံရမှု၏ ဥပဒေကြောင်းအရ အကျိုးဆက်များ၊ နယ်စပ်ဒေသ စီးပွားရေးနှင့် စစ်ရေး-နိုင်ငံရေး ရိုက်ခတ်မှုများ၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းများ အတွက် သတိပြုရမည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ကျားဖြန့် အရေးစောင့်ကြည့်လေ့လာသူ စောသူးဘီးနှင့် ကေအိုင်စီ-ကရင်သတင်းဌာန တွေ့ဆုံမေးမြန်းထားပါသည်။
မေး - အခု စောမုတ်သုန် ဖမ်းဝရမ်းထုတ်ခံရတဲ့ကိစ္စမှာ ထိုင်းနိုင်ငံဘက်က အလိုရှိသူ အနေနဲ့ပဲလား၊ ဒါမှမဟုတ် FBI ရဲ့ ပါဝင် ပတ်သက်မှု ရှိတယ်လို့ ယူဆလို့ရသလား။
ဖြေ - လက်ရှိ BGF ထိပ်တန်းခေါင်းဆောင်တစ်ယောက်ကို ထိုင်းကနေပြီးတော့ ဖမ်းဖို့အတွက် ဝရမ်းထုတ်တဲ့ ကိစ္စက FBI တစ်ခုတည်း မဟုတ်ဘူးပေါ့နော်။ ဒီ အမေရိကန်မှာ ဖြစ်ပျက်နေတဲ့ Cyber Scam (အွန်လိုင်းလိမ် လည်မှု) ကိစ္စတွေက သူတို့လူမျိုးကိုထိခိုက်စေတယ်၊ ပြီးတော့ တရုတ်ပြည်မှာလည်းဖြစ်နေတယ်။ တရုတ် အစိုးရကလည်း အသေကုန်လိုက်နေတဲ့ကိစ္စတွေရှိတယ်။ ဆိုတော့ ဒီဟာတွေအားလုံးက အကုန်ချိတ်ဆက်တယ် လို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ထိုင်းအစိုးရနဲ့ လာရောက်တွေ့ဆုံမှုတွေကို ကျနော်တို့ပြန်ကြည့်လိုက် မယ်ဆို ဒီ FBI ရဲ့ အခုလက်ရှိဒါရိုက်တာက ထိုင်းနိုင်ငံကိုမလာခင် ကြိုတင်ပြီးတော့ အွန်လိုင်းကနေတဆင့် ဒီဇွန် လလယ်လောက်မှာ ကြိုတင်ဆွေးနွေးခဲ့တာတွေရှိတယ်။ ပြီးတော့ ဇူလိုင် (၂၀) (၂၁) မှာ FBI ရဲ့လက်ရှိထိပ်သီး ဒါရိုက်တာက လာရောက်ပြီးတော့ တွေ့ဆုံပူးပေါင်းတာကို သတင်းမီဒီယာမှာ ကျနော်တို့တွေ့ရတယ်။ အထူး သဖြင့် Cyber Scam နဲ့ပတ်သက်ပြီးတော့ ထိုင်းအပြင် ကျန်တဲ့နိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့မှ ရှင်းထုတ်ဖို့ကိစ္စကို သူတို့အထူးတလည်ဆွေးနွေးတယ်လို့ ကျနော်တို့ သတင်းမှာတွေ့ရတယ်။
ဒီဟာတွေက ဘာလဲဆိုတော့ FBI လက်ထဲမှာ သတင်းအချက်အလက် တော်တော်များများရှိနေပြီး ထိုင်းအထူး စုံစမ်းစစ်ဆေးရေးဌာနတွေမှာလည်း သတင်းအချက်အလက် တော်တော်များများရှိနေပြီးသားဖြစ်လို့ ဗိုလ်မုတ် သုန်ကို ဖမ်းဝရမ်းထုတ်တယ် လို့ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ၂၀၂၅ မှာ BGF ခေါင်းဆောင်တချို့ကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ဌာနကနေ ထိုင်းရဲ့တရားရုံးကို ဝရမ်းထုတ်ခိုင်းဖို့ ကြိုးစားတဲ့အချိန်မှာ သက်သေ အထောက်အထား မပြည့်စုံလို့ ဝရမ်းမထုတ်နိုင်ခဲ့ဘူး။ သို့ပေမဲ့ အခုကြည့်တဲ့အချိန်မှာ ပထမဆုံးတယောက်ဖြစ် တဲ့ စောမုတ်သုန်အနေနဲ့က သက်သေအထောက်အထား ခိုင်ခိုင်မာမာ ပြည့်ပြည့်စုံစုံရှိလို့ ဝရမ်းထုတ်တယ်လို့ ပြောလို့ရတယ်။ ပြီးတော့ ဒီဟာက FBI ရဲ့ အနောက်ကနေ တွန်းအားပေးမှုတွေလည်းပါတယ်။
တရုတ်အစိုးရ ဘက်က တွန်းအားတွေလည်းပါမယ်လို့ ကျနော်ကတော့ မြင်တယ်။ ဆိုတော့ ဒီ Scam ကိစ္စက ကမ္ဘာနဲ့ချီ ဆက်စပ်နေတဲ့အတွက်ကြောင့် ဒီဟာတွေအားလုံးကို အစိုးရတွေ အချင်းချင်းချိတ်ဆက်ပြီးတော့ ဖြေရှင်းဖို့ ကြိုးစားတယ်လို့ ကျနော်မြင်တယ်။ ပြီးတော့လည်း ဒီ Scam ကိစ္စကို ကိုင်တွယ်ဖို့အတွက် ဒေါ်လာ ၂ သန်းကျော်ကို အမေရိကန် FBI က ထိုင်းအစိုးရကို ကတိကဝတ်ပြုတယ်လို့ သတင်းမှာတွေ့ရတယ်။
မေး - ထိုင်းဘက်က ကရင်ပြည်နယ်ထဲထိ စောမုတ်သုန်ကို ဝင်ပြီး ဖမ်းဆီးလို့ရလား။ ဘယ်လိုမြင်လဲ။
ဖြေ - ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်ထဲဝင်ပြီး စောမုတ်သုန်ကိုဝင်ရောက်ဖမ်းဆီးဖို့ ဥပဒေအရ လုပ်လို့မရဘူးလို့ ကျနော်မြင်တယ်။ အကယ်၍ စောမုတ်သုန်ကနေပြီးတော့ ထိုင်းနိုင်ငံ မဲဆောက်ထဲကိုလာတာတို့ ထိုင်းနိုင်ငံဖက် ခြမ်းကို ကူးတယ်ဆိုတဲ့ သတင်းအချက်အလက်သိရင် သူတို့ဝင်ဖမ်းလို့ရတယ်။ နယ်စပ် တစ်နေရာရာမှာပဲ ဖြစ် ဖြစ်ပေါ့ အထူးသဖြင့် ထိုင်းရဲ့နယ်မြေထဲကို ခြေနင်းပြီဆိုရင်တော့ ထိုင်းအစိုးရအနေနဲ့ ချက်ချင်းဖမ်းလို့ ရတယ် ပေါ့နော်။ မြန်မာပြည်ထဲ ဝင်ပြီးဖမ်းဖို့တော့ မလွယ်လောက်ဘူးလို့ ကျနော်ထင်တယ်။ ဒါပေမဲ့ တကယ်လို့ တော်လှန်ရေး အင်အားစုတွေကနေပြီးတော့ မုတ်သုန်ကို ဖမ်းပေးမယ်၊ ပြီးရင် ထိုင်းလက်အပ်မယ် ဆိုရင်လည်း ဖြစ်နိုင်ခြေရှိတယ်။ မင်းအောင်လှိုင် ဦးစီးတဲ့ စစ်အစိုးရက လုပ်နိုင်ခြေဘယ်လောက်ရှိလဲ ဆိုတာကတော့ သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ်အပေါ် မူတည်မယ်လို့ ကျနော် ထင်တယ်။
မေး - ထိုင်းဥပဒေအရဆိုရင် ထိုင်းဘက်က စောမုတ်သုန်ကို စွဲဆိုထားတဲ့ အမှုတွေက ဘယ်လို ပြစ်ဒဏ်တွေ အထိ ပေးလို့ရလဲ။
ဖြေ - စောမုတ်သုန်က BGF မှာဒုတိယအကြီးဆုံးဖြစ်တဲ့ ဒုအတွင်းရေးမှူး (Deputy secretary) ဖြစ်တယ်လို့ ကျနော်တို့နားလည်လို့ရတယ်။ ပထမ အကြီးဆုံးတစ်ယောက်ကတော့ အတွင်းရေးမှူးချုပ် စောချစ်သူဖြစ်တယ်။ မုတ်သုန်ကတော့ ဒုတိယအကြီးဆုံးပေါ့။ တတိယကတော့ ဗိုလ်တင်ဝင်းပေါ့။ ဆိုတော့ သူတို့သုံးယောက်က BGF ကို အဓိကချုပ်ကိုင်ထားတဲ့သူတွေဖြစ်တဲ့အတွက် မုတ်သုန်အနေနဲ့က ထိုင်းဥပဒေအရ ထိုင်းနိုင်ငံထဲရောက်ရင် ထိုင်းရဲ့လူကုန်ကူးမှုဆန့်ကျင်ရေးဥပဒေအရ အပြစ်ထင်ရှားရင် အနည်းဆုံး ၄ နှစ်ကနေ အများဆုံး နှစ် ၂၀ အထိ ထောင်ချလို့ရတယ်။ ဘာလဲဆိုတော့ လူကုန်ကူးမှုနဲ့ပတ်သက်လျှင် ASEAN နိုင်ငံတွေထဲမှာဆို ထိုင်းအစိုးရက တကယ်ကို တိတိကျကျ ကိုင်တွယ်တဲ့နိုင်ငံထဲမှာပါတယ်။
ဆိုတော့ ဗိုလ်မုတ်သုန်ကိုတရားစွဲတာက အဓိက အားဖြင့် လူကုန်ကူးတာရယ်၊ လူ့အခွင့်အရေးချိုးဖောက်တာရယ်၊ အတင်းအကျပ် အဓမ္မစေခိုင်းမှုရယ်၊ ပြီးရင် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုတင်သွင်းမှု (smuggling) ပေါ့နော်။ ပြီးရင် လူကိုအနာတရဖြစ်စေတယ်၊ သေကြေ စေတယ်ဆိုရင် လူကုန်ကူးမှုပြစ်မှု တခုတည်းမကဘဲနဲ့ အခုနဖော်ပြတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထားရှိမယ်၊ ပြစ်မှုထင်ရှားတယ် ဆိုရင် ထိုင်းဥပဒေအရ ထောင်ဒဏ် နှစ် (၂၀) မကဘဲ ကျနိုင်တယ်။
မေး - စောမုတ်သုန်သာ ထိုင်းအစိုးရ လက်ထဲ ရောက်သွားရင် နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ ဘာဆက် ဖြစ်မလဲ။
ဖြေ - ပထမအဆင့်အနေနဲ့ ထိုင်းအစိုးရက ဝရမ်းထုတ်တယ်။ ဒုတိယအဆင့်အနေနဲ့ ထိုင်းကသူ့နိုင်ငံမှာ မုတ်သုန် ကိုဖမ်းလို့ မရဘူးဆိုရင် အင်တာပို လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံချင်း ချိတ်ဆက်ပြီး ရာဇဝတ်ကောင်တွေကိုဖမ်းတယ်။ ပထမအဆင့်အနေနဲ့ ကျနော်ထင်တာက တကယ်လို့ ထိုင်းက မုတ်သုန်က မြန်မာပြည်ထဲ ဘယ်နေရာမှာ တိတိ ကျကျ ရှိတယ်ဆိုတာသိရင် မြန်မာစစ်အစိုးရကို ဖမ်းပေးဖို့ တောင်းဆိုမယ်။ အင်တာပိုနဲ့က သူတို့ နှစ်ဆင့် လုပ် လို့ရတယ်။ ပထမအနေနဲ့ Red Notice လို့ခေါ်တဲ့အနီရောင်အသိပေးတာနဲ့ နည်းနည်းလေး အချိန်ယူပြီးလောက်တယ်။
အထူးသဖြင့် သူတို့က လူတစ်ယောက်ကို အဲဒီနိုင်ငံမှာ ဖမ်းတော့မယ်ဆိုရင် အဲဒီနိုင်ငံမှာရှိတဲ့ အာဏာပိုင် တွေကို အသိပေးရုံမကဘဲနဲ့ အင်တာပို အတွင်းရေးမှူးကနေပြီးတော့ အချက်အလက်တွေကိုစစ်ဆေးပြီးတော့မှ အတည်ပြုရတယ်။ အဲဒီလုပ်ငန်းစဉ်က နည်းနည်းအချိန်ကြာတယ်။ နောက်တစ်ခုကတော့ သတင်းအချက် အလက်တွေကို ဖလှယ်ပြီးတော့ ခဏထိန်းချုပ်ထားပြီးတော့မှ အဲဒီ အင်တာပိုအတွင်းရေးမှူးကနေ အတည်ပြု ဆုံးဖြတ်တယ်ဆိုရင် သူတို့က ထိုင်းနိုင်ငံဖက်ကို ပြန်ပြီးတော့ ပို့ဆောင်ပြီးဖမ်းလို့ရတယ်။ အဲဒါကတော့ အင်တာပို နဲ့ပတ်သက်တဲ့ ယေဘုယျအားဖြင့် ရာဇဝတ်သားတွေကို ဖမ်းခြင်းဖြစ်တယ်။ ဆိုတော့ အဲဒီကနေတဆင့် လုပ်လို့ ရတယ်။
တကယ်လို့ မုတ်သုန်ကို ထိုင်းနိုင်ငံကနေပြီးတော့မှ မြန်မာပြည်တဆင့်ကနေ ဖမ်းခံရင် တော်လှန်ရေးအုပ်စုတွေ က ဖမ်းပေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် မင်းအောင်လှိုင်တို့အုပ်စုက ဖမ်းပေးတာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရောက် မယ်ဆိုရင် ကျနော်ထင်တာက နှစ်တော်တော်ကြာကြာ တရားရင်ဆိုင်ရမယ့် အခြေအနေဖြစ်တယ်။ နောက်ပြီး တော့ သူ့ရဲ့ပြစ်မှုတွေဖြစ်တဲ့ လူကုန်ကူးမှုတွေ၊ Smuggling တွေ၊ တခြားပြစ်မှုကြီးတဲ့ လူတွေကို အနာတရ ဖြစ်စေတဲ့ သက်သေအထောက်အထားတွေအများကြီးရှိတယ်။ ဆိုတော့ အဲဒီကိစ္စတွေအားဖြင့် သူ တရား တော် တော် ရင်ဆိုင်ရမယ်။ နှစ်ကတော့ ဘယ်လောက်လောက်ကြာမယ်ဆိုတာ ကျနော်ထင်တာတော့ သူ့ရဲ့ပြစ်မှု တစ်ခုချင်းစီ အပေါ်မှာပဲ မူတည်မယ်။
မေး - စောမုတ်သုန်က စစ်အုပ်စုနဲ့လည်း ပတ်သက်နေတယ်၊ ထိတွေ့ ဆက်ဆံနေတယ်ဆိုတော့ စစ်အုပ်စုက စောမုတ်သုန်ကို ဖမ်းပြီး ထိုင်းအစိုးရလက်ထဲ အပ်မယ့် အရိပ်အယောင် တွေ့ရလား။
ဖြေ - ကျနော်ထင်တာကတော့ လက်ရှိအခြေအနေမှာ မင်းအောင်လှိုင်တို့အုပ်စုက နိုင်ငံရေးအကျိုးအမြတ် မရှိဘဲနဲ့တော့ ထိုးကျွေးမှာမဟုတ်ဘူး။ ဒါပေမဲ့ တစ်ခု ကျနော်တို့ပြန်စဉ်းစားရမှာက အခု မင်းအောင်လှိုင်က သမ္မတ လုပ်တယ်၊ ပြီးတော့ နိုင်ငံတကာရှေ့မှာ သူ့ရဲ့ပုံရိပ်တွေကို ပြန်လည်ကောင်းမွန်လာအောင် ကြိုးစား လုပ်ဆောင်တဲ့အချိန်ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ် လောက်ကဆို ကျနော်တို့သိတဲ့အတိုင်းပဲ အာဆီယံမှာ သူတို့ အဆင့်မြင့်ထိုင်ခုံမှာ ပြန်ပြီးတော့ထိုင်ခွင့်ရဖို့အတွက် ကြိုးစားနေတဲ့ဟာတွေရှိတယ်။ ဒါပေမဲ့ အာဆီယံက တော့ သူတို့ကို အခုထက်ထိ လက်မခံသေးဘူး။ သို့ပေမဲ့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကနေ မင်းအောင်လှိုင် အဖွဲ့ အာဆီယံထဲ ပြန်ဝင်ရောက်ဖို့အတွက် ကြိုးစားပြီးတော့မှ တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေတာ တွေ့ရတယ်။ ဒါကတော့ ထိုင်းနိုင်ငံက သူ့ရဲ့ အကျိုးစီးပွားအတွက် မင်းအောင်လှိုင်တို့အုပ်စု အာဆီယံထဲမှာ ခုံပြန်ရဖို့အတွက် ကြိုးစားပေးတယ်လို့ ပြောလို့ရတယ်ပေါ့နော်။
ဒါပေမဲ့လည်း တကယ်လို့ မင်းအောင်လှိုင်တို့အုပ်စုက နိုင်ငံရေးအကျိုးအမြတ် တခုခုပြန်ရမယ်ဆိုရင် ကျနော် ထင်တာကတော့ ဖိအားပေးပြီးတော့ ဖမ်းလို့ရတယ်။ ဆိုလိုချင်တာက ဟိုဖက်က ချက်ချင်းတော့လည်း ဖမ်းခံမှာ မဟုတ်ဘူး။ ဆိုတော့ ပြန်ကြည့်ရမှာက BGF မှာ ဗိုလ်ချစ်သူကအကြီးဆုံး အတွင်းရေးမှူးချုပ်။ ဒု အတွင်းရေးမှူး ကတော့ မုတ်သုန်။ တင်ဝင်းကတော့ တတိယအကြီးဆုံးပေါ့။ အခုလက်ရှိ မေးခွန်းထုတ်စရာရှိတာကတော့ ဘာကြောင့် ဗိုလ်ချစ်သူနဲ့ ဗိုလ်တင်ဝင်းကို ဝရမ်းမထုတ်တာလဲ။ ကျနော်ထင်တာကတော့ သက်သေအထောက် အထား ပြည့်စုံမှုမရှိသေးလို့၊ ဒီတရားရုံးကလက်မခံလို့ မထုတ်သေးတာပဲဖြစ်မယ်။ တကယ်လို့ သက်သေ အထောက်အထား ပြည့်စုံတယ်ဆိုရင် ပြောလို့မရဘူး ချစ်သူနဲ့ တင်ဝင်းတို့ကိုလည်း ထိုင်းကဝရမ်းထုတ်နိုင် တယ်။ ဆိုတော့ မင်းအောင်လှိုင်တို့အုပ်စုက ဗိုလ်မုတ်သုန်ကို ဖမ်းချင်တယ်ဆိုရင် ဗိုလ်ချစ်သူနဲ့ ညှိကိုညှိရမယ်။ သူနဲ့မညှိလို့မရဘူး။ ဆိုတော့ ဗိုလ်ချစ်သူက လက်ခံမလားပေါ့၊ သူက ဗိုလ်မုတ်သုန်ကို ထိုးကျွေးမလားပေါ့။ ဒီတစ်ချက်လည်း စဉ်းစားဖို့ရှိတယ်။
ဗိုလ်ချစ်သူနဲ့ ဗိုလ်မုတ်သုန်တို့ကြားထဲက ဆက်ဆံရေးကလည်း ဘယ်လောက် အတိုင်းအတာအထိရှိသလဲ ဘယ်လောက် ကောင်းနေသလဲဆိုတာ ပြောလို့မရဘူး။ အချင်းချင်းကြားမှာ အပြန်အလှန်ထိုးကျွေးတာတွေ လည်း ဖြစ်လာနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ မုတ်သုန်ကတော့ ချောင်ပိတ်ခံရတဲ့ အခြေအနေမှာ ရှိတယ်။ မုတ်သုန်ပြီးရင် တကယ်လို့ ချစ်သူနဲ့တင်ဝင်းတို့ကို ထိုင်းကဝရမ်းထုတ်မယ်ဆိုရင်တော့ သူတို့ချောင်ပိတ်သွားပြီ။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းပေါ့ဗျာ။ တော်လှန်ရေးအုပ်စုပဲလည်း လာလို့မရဘူး။ သူတို့ကို လက်ခံလို့မရဘူး။ လက်ခံမယ်ဆို သူတို့နာမည်ပျက်မယ်။
တော်လှန်ရေးအုပ်စုက သူတို့ဖမ်းပေးမယ်ဆိုရင်တော့ ကျနော်ထင်တာ တော်လှန်ရေးအုပ်စုဖက်က နာမည် ကောင်း အများကြီးရပြီး နိုင်ငံတကာလထောက်ခံမှုကို ပိုရလာနိုင်တယ်လို့ မြင်တယ်။ စစ်အုပ်စုဘက်က ဖမ်းပေး ဖို့ဆိုတာကျတော့ ကျနော်ထင်တာ တွန့်တိုမှုဖြစ်လိမ့်မယ်။ ဆိုတော့ နိုင်ငံရေး အကျိုးအမြတ်တခုမှမရဘဲ မင်းအောင်လှိုင်တို့ အုပ်စုဖက်က အကြောင်းပြချက်အမျိုးမျိုး ရှာပြီးတော့မှ ဖမ်းပေးမှာမဟုတ်ဘူး။ ဆိုတော့ တော်လှန်ရေး အုပ်စုတွေရဲ့ လက်ထဲမှာပဲ ရှိတယ်။ တော်လှန်ရေးအုပ်စုတွေ လုပ်နိုင်လား၊ မလုပ်နိုင်လားဆိုတာ ကတော့ နောက်တပိုင်းပေါ့ဗျာ၊ စဉ်းစားရမဲ့အချက်ပေါ့။ ဆိုတော့ တကယ်လို့ အဲဒီထိပ်သီး သုံးယောက်က ဝရမ်းထဲမှာ ပါလာပြီဆိုရင်တော့ သူတို့ရဲ့လမ်းကတော့ ဆုံးခါနီးပြီပေါ့။ အဆုံးဖက်ကိုသွားပြီလို့ ပြောလို့ရတယ်။
မေး - ကရင်ပြည်နယ်မှာ ကရင်လက်နက်ကိုင် ခေါင်းဆောင်တချို့က ဒီနိုင်ငံတကာ ရာဇဝတ်မှုလုပ်ငန်းတွေနဲ့ ပတ်သက်နေတာကို စစ်အုပ်စုက သိနေပေမယ့်လည်း အယောင်ပြ ဖမ်းပြ၊ ဖျက်ဆီးပြတာလောက်ပဲ လုပ်ပြပြီး အမြစ်ပြတ် မလုပ်တာ ဘာကြောင့်များလဲ။
ဖြေ - မုတ်သုန်တို့၊ ချစ်သူတို့၊ BGF တို့က စစ်တပ်နဲ့ တချိန်လုံး ညှိနှိုင်းပေါင်းစားပြီးတော့မှ လာဘ်ပေးလာဘ်ယူ အချင်းချင်းထိုးကျွေးနေကြတာပဲ။ ဆိုတော့ မင်းအောင်လှိုင်ကိုယ်တိုင်ပါလားမပါလားဆိုတာတော့မသိဘူး၊ ဒါပေမဲ့ သူ့အောက်ခြေက လူတွေတော်တော်များများ စစ်တပ်ပိုင်းကလူတွေပါတယ်လို့ အတိအကျ ပြောလို့ ရတယ်။ အထူးသဖြင့် ကရင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ ဒေသပိုင်းဆိုင်ရာ ထိပ်သီးလူတွေပေါ့နော်။ ဆိုတော့ သူတို့ သတင်းပေးမှပဲ အထက်ကလူတွေရဲ့သတင်းရတာဆိုတော့ ဗိုလ်ချစ်သူတို့ကလည်း အဲဒီအုပ်စုတွေကို အပိုင် အနိုင် ပေါင်းထားပြီးတော့မှ လုပ်မှာလားပေါ့။ ဒါမှမဟုတ်ရင်လည်း ချစ်သူတို့ မုတ်သုန်တို့ကနေတဆင့် စစ်တပ် ဖက်က ခေါင်းချိုးခံရနိုင်တဲ့သူတွေလည်း ရှိလာနိုင်တယ်။ ဆိုတော့ အပြန်အလှန်ချိတ်ဆက်နေကြတဲ့ အကျိုး အမြတ်ယူနေကြတဲ့ ဒီ Online လိမ်လည်မှုကတော့ ကျနော်ထင်တာက တကယ်လို့ ထိုင်းကတစ်ယောက် မိမယ် ဆိုရင် ကျန်တဲ့ကွင်းဆက်တွေအများကြီးပေါ်လာနိုင်တယ်။
အတိအကျပြောလို့ရတာက BGF ခေါင်းဆောင်တွေက ဘယ်သူ့ကိုထိုးကျွေးထားသလဲ၊ ဘယ်လောက် ထိုးကျွေး ထားသလဲ၊ ဘယ်သူတွေပါဝင်နေလဲဆိုတာက သူတို့ဆီမှာ စာရင်းအတိအကျရှိလိမ့်မယ်လို့ ကျနော်မြင်တယ်။ တကယ်လို့ ထိုင်းကဖမ်းမိခဲ့ရင်တော့ ကျနော်ထင်တယ် ထိုင်းဖက်ကလည်း လာဘ်စားထားတဲ့ အာဏာပိုင်တွေ၊ မင်းအောင်လှိုင်တို့အုပ်စုတွေကလည်း လာဘ်စားထားတဲ့ အာဏာပိုင်တွေရဲ့ စာရင်းတွေ ထွက်လာနိုင်တယ်။ တကယ်လို့ မင်းအောင်လှိုင်ကမဖမ်းပေးဘူး၊ ခုနပြောနေတဲ့ အကျိုးအမြတ်က ကာကွယ်ပေးတယ်၊ တော်လှန် ရေးအုပ်စုတွေကို အထူးသဖြင့် ကရင်ပြည်နယ်မှာ ထိန်းချုပ်ထားချင်တယ် ဆိုရင်တော့ သူတို့က အကြောင်း အမျိုးမျိုးပြပြီး ခေါင်းရှောင်ပြီး မဖမ်းပေးလို့ရတယ်။ အဲဒီလိုဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲမှာပဲ ကျန်တော့တယ်။ တော်လှန်ရေးအင်အားစုတွေ ဖမ်းပေးနိုင်သလားပေါ့။
ဒီလိုရာဇဝတ်မှုတွေက ကရင်လူမျိုးတွေကို ဘာကောင်းကျိုးမှမပြုသလို၊ ကရင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးအတွက် လည်း ဘာကောင်းကျိုးမှ မယူဆောင်လာပေးတဲ့အပြင် ကရင်ပြည်နယ်လို့ပြောလိုက်ရင် လိမ်လည်တဲ့ပြည်နယ် ကြီး၊ ကရင်ပြည်နယ်မှာရှိနေတဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ ခေါင်းဆောင်တွေက တရုတ် မာဖီးယားဂိုဏ်းတွေနဲ့ ပေါင်းပြီးတော့မှ လိမ်လည်ပြီးတော့မှ လူကုန်ကူးမှုတွေ မတရားမှုတွေလုပ်နေတယ်လို့ပဲ နာမည်ထွက်နေတယ်။ ဆိုတော့ ကောင်းတဲ့ဟာတွေဘာမှမထွက်တော့ဘဲနဲ့ ခုနပြောတဲ့ မကောင်းတဲ့ဟာတွေပဲနာမည်ထွက်လာတယ်။ ဒီဟာက တော်လှန်ရေး တစ်ဖက်တစ်ခြမ်းမှာ သွားပြီးတော့ ထိခိုက်စေသလို အနာဂတ် နိုင်ငံရေး ပြန်လည် တည် ဆောက်တဲ့ အချိန်မှာလည်း ဒီလို Scam အုပ်စုတွေကို အကာအကွယ်ပေးတဲ့ BGF, DKBA ခေါင်းဆောင်တွေကို ဖယ်ရှားပေးနိုင်မှပဲ ဆက်လက်ပြီးတော့မှ ပိုမိုတိုးတက်တဲ့ တော်လှန်ရေးခရီးကိုသွားနိုင်မယ်လို့ ကျနော်မြင်တယ်။
မေး - အခု ကျားဖြန့်နဲ့ ဆက်နွှယ်နေတဲ့ ကရင်လက်နက်ကိုင် ခေါင်းဆောင်တွေကနေပြီးတော့ အလှူအတန်းတွေ၊ စာသင်ကျောင်းတွေကို ထောက်ပံ့မှုတွေ၊ လူမှုအကျိုးပြုအလုပ်တွေ လုပ်ပြတဲ့အပေါ် ကရင်ပြည်သူတချို့ အထူးသဖြင့် ကရင်ဘာသာရေး ခေါင်းဆောင်တွေက လက်ခံ အသိအမှတ်ပြုလာတာ တွေ့ရတယ်။ ဒါက ကရင်ပြည်သူတွေ အတွက် ဘယ်လောက် စိုးရိမ်စရာ ဖြစ်စေသလဲ။
ဖြေ - လစဉ် ဒေါ်လာသန်းချီဝင်လာပြီဆိုရင် ပိုက်ဆံတွေက တအားပေါလာတယ်။ ပြီးခဲ့တဲ့နှစ်တွေ ပြန်ကြည့်မယ် ဆို BGF တွေရဲ့စစ်အင်အား အများကြီး တိုးလာတာကိုတွေ့ရတယ်။ အဓိကက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သူတို့နယ်မြေကိုကာကွယ်ဖို့အတွက် BGF လက်ရှိထိန်းချုပ်ထားတဲ့ နေရာကို သီးသန့် အထူး အုပ်ချုပ်ရေး ဒေသအနေနဲ့ ညှိနှိုင်းပြီးတော့ တောင်းဆိုလာမှာလား ဆိုတာတွေလည်း နိုင်ငံရေးအရ ဖြစ်နိုင်ခြေ ရှိတယ်။ သူတို့ အင်အား တအားကြီးလာပြီး ဘယ်သူမှသွားပြီး မတို့ရဲမထိရဲတော့ဘူးဆို အဲဒီအနေအထားထိ ရောက်လာနိုင်တဲ့အခြေအနေရှိတယ်။ ဆိုတော့ အထူးသဖြင့် သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အုပ်စုတွေ ကတော့ Local Economy ကို Scam ကဖျက်စီးနေတာကြာပြီ။ ကရင်လူထုတွေက မသိတာဘဲရှိတာ။ ပြဿနာ အများကြီးဖြစ်တယ်။ ခုနပြောနေတဲ့ မြေသိမ်းမှုတွေ၊ မြေတွေကို မတော်မတရားဈေးပေးပြီး ဝယ်ပစ်တဲ့ဟာတွေ။
အဲဒီ Scam Online လိမ်လည်မှုကြီးကို စီးပွားရေးဇုန်တစ်ခုအနေနဲ့ကြည့်လိုက်မယ်ဆိုရင် စီးပွားရေးဇုန်လို့ ပြော ရင် နံပါတ် ၁-မြေယာငှားမယ်၊ မြေယာဝယ်မယ်။ အထူးသဖြင့် Scam ဆိုတော့ သူတို့ထိန်းချုပ်တဲ့ဒေသတွေမှာ မြေယာငှားမယ်။ ပြီးရင် အဆောက်အဦးတွေဆောက်မယ်၊ ပြီးရင် လျှပ်စစ်မီးပေးမယ်၊ ပြီးရင် ခုနပြောတဲ့ လို အပ်တဲ့ Logistic လို့ခေါ်တဲ့ ထောက်ပို့ပစ္စည်းတွေ အထောက်အကူတွေကို သူတို့ဖန်တီးပေးမယ်၊ ပြီးတော့ သွားလာရေး ခရီးကိစ္စတွေကို သူတို့လုပ်ပေးမယ်။ နယ်စပ်ဖြတ်ကျော်ရေးကိစ္စတွေကိုလည်း သူတို့ရဲ့အာဏာ အောက်မှာ ကူညီပေးမယ်၊ ပြီးရင် လုံခြုံရေးကိစ္စကို သူတို့ယူပေးမယ်၊ ပြီးရင် ခုနပြောနေတဲ့ အွန်လိုင်း လိမ်လည်မှု လုပ်တဲ့နေရာတွေကို အုပ်စုတစ်စုစုက လာရောက်ခြိမ်းခြောက်တယ်ဆို သူတို့ကာကွယ်ပေးမယ်။ အဲဒါကြောင့် ရွှေကုက္ကိုလ်တို့၊ KK Park တို့၊ ကျောက်ခက်တို့မှာရှိနေတဲ့ Scam compound တွေကို စစ်အုပ်စု က လာမဖျက်စီးခင်မှာ BGF တို့ DKBA တို့က လူတွေရာချီကို ကြိုရွှေ့ထားတဲ့ကိစ္စဟာဆို အဖမ်းမခံရအောင် ကာကွယ်ပေးတာပဲ။ စီးပွားရေးဇုန်တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် အဲ့လိုဖြစ်နေပြီ။
အဲဒီဒေသမှာရှိနေတဲ့ ပြည်သူတွေကလည်း ခုနပြောနေတဲ့ လျှပ်စစ်ပေးတဲ့ကုမ္ပဏီတွေရှိမယ်၊ ဆက်သွယ်ရေး လုပ်တဲ့ ကုမ္ပဏီတွေရှိမယ်၊ အင်တာနက်ပေးတဲ့ ကုမ္ပဏီတွေရှိမယ်၊ မြေယာနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေရှိမယ်။ ဆိုတော့ အဲဒီကုမ္ပဏီတွေအားလုံးကိုချိတ်ဆက်ပြီး Scamming ကစီးပွားရေးဇုန်တစ်ခုလို ဖြစ်နေပြီ။ ခုနပြောတဲ့ ဈေးကုန်သွယ်မှုတွေရှိမယ်၊ ဈေးရောင်းမယ်၊ ထိုင်းနိုင်ငံကနေ ပစ္စည်းတွေဝင်မယ်၊ ပစ္စည်းတွေထွက်မယ်။ ဆိုတော့ ဒီဟာက စီးပွားရေးလိုဖြစ်နေတယ်။ ဒီဟာကလည်း သူတို့ Scammer တွေက တမင်သက်သက်ကို ဖန်တီးပေးထားတယ်။ ဒါပေမဲ့ ဒီဟာကြီးက ကရင်လူထုနဲ့ ကရင်ပြည်နယ်အတွက် အမည်းစက်ကြီးဖြစ်တယ်။ လုပ်နေတဲ့သူတွေကလည်း ထိပ်သီးအုပ်စုတစ်စုကနေပြီးတော့မှ ကြီးကြီးမားမားချမ်းသားပြီး သုံးစရာမကုန် လောက်အောင် များလာပြီးတော့မှ အလှူအတန်းတွေကိုအသားကုန်လုပ်တယ်၊ ဘုန်းကြီးကျောင်းတွေကို ပိုက်ဆံ လှူတယ်၊ ခရစ်ယာန် ကျောင်းတွေကိုလည်း ပိုက်ဆံလှူတယ်၊ ကျောင်းတွေ ဆောက်ပေးတယ်၊ ဆေးရုံတွေ ဆောက်ပေးတယ်၊ ကျနော်တို့တွေ့နေရတယ်။
Colombia နိုင်ငံက ဘိန်းဖြူကုန်ကူးမှုကနေ ကြီးပွားချမ်းသာလာပြီးတော့မှ သူတို့ရဲ့ နယ်မြေတခုမှာ လမ်းဖောက် ပေးတယ်၊ တံတားဖောက်ပေးတယ်၊ ဆေးရုံဆောက်ပေးတယ်၊ ရေသွယ်ပေးတယ်။ နောက်ဆုံး သူတို့ဘယ် လောက်ထိ လုပ်လဲဆိုတော့ နိုင်ငံရေးအရ နယ်မြေတောင်းတဲ့အဆင့်ထိ ဖြစ်လာတယ်။ သုံးသပ်ပြီး ကြည့်မယ် ဆိုရင် ကျနော်ထင်တယ် BGF က အဲဒီအနေအထားကို ရည်ရွယ်ပုံရှိတယ်။ ဆိုတော့ သူတို့နယ်မြေမှာ ရှိနေတဲ့ ပြည်သူတွေကို သူတို့ရအောင်စည်းရုံးတယ်။ လမ်းတွေ၊ တံတားတွေ၊ စီးပွားရေးတွေလုပ်ပေးတယ်။ ဘဝ အဆင်ပြေ တိုးတက်အောင် လုပ်ပေးတယ်။ အဲဒီကနေတဆင့် နောက်တဆင့်အနေနဲ့ နိုင်ငံရေးခြေလှမ်းတက် တယ်။ ဒီနေရာမှာ ကျနော်တို့ပြည်သူလူထုက ကျနော်တို့ကိုထောက်ခံတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ဖို့ ဒီနေရာကို သီးခြားအုပ်ချုပ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ပေးပါဆိုတဲ့ နိုင်ငံရေးတောင်းဆိုမှုတွေရှိလာနိုင်တယ်။
အဲ့လိုဖြစ်လာပြီဆိုရင် ကျနော်ထင်တာက ကျနော်တို့ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့ အဓိက ရည်မှန်းချက် အထူးသဖြင့် ကရင်ပြည်နယ်နဲ့ တော်လှန်ရေးအုပ်စုတွေအတွက် အများကြီး အနှောင့်အယှက်တွေ ဖြစ်လာနိုင်တယ်။ ဒီဟာတွေက Colombia နဲ့ Mexico နိင်ငံတွေမှာ သာဓကတွေရှိခဲ့တယ်။ ကျနော်ခုနပြောနေတဲ့ Colombia က Pablo Escobar ဆိုရင် သူက လွှတ်တော်အထိတောင် တက်ထိုင်တယ်။ သူ့ရဲ့ဒေသမှာ ဖွံ့ဖြိုးရေး လုပ်ပေးလို့၊ ခုနပြောတဲ့ ဆေးရုံ၊ လမ်း၊ တံတား၊ ရေသွယ်ပေးတဲ့အတွက် ပြည်သူတွေက သူ့ကိုမဲပေးပြီးတော့ သူက လွှတ်တော်ထဲတောင် တက်ထိုင်တယ်။ ဆိုတော့ အဲဒီလိုပုံစံတူတဲ့အခြေအနေကိုလည်း ကျနော်တို့ ပြောလို့မရဘူး။ ဒီ BGF တို့ DKBA တို့ထိန်းချုပ်တဲ့ နေရာတွေမှာ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတယ်။ ဒီဟာတွေကို ကျနော်တို့ ကြိုတင်တားဆီးဖို့လိုတယ်။
မေး - ဒီကျားဖြန့်လုပ်ငန်းတွေဟာ ကရင်လူထုအတွင်း Local Economy တစ်ခုလို ဖြစ်သွားပြီလို့ စောင့်ကြည့် လေ့လာသူတွေက ပြောဆိုနေကြတယ်။ ဆိုတော့ ဒီကျားဖြန့်လုပ်ငန်းတွေ ပပျောက်ဖို့ ဘယ်လို လုပ်ရမလဲ။ ပျောက်ကော ပျောက်ကွယ်သွားနိုင်ပါ့မလား။
ဖြေ - ကျနော်မြင်တာကတော့ တကယ်လို့ BGF တို့ DKBA တို့က မိခင်တော်လှန်ရေး အဖွဲ့အစည်းဖြစ်တဲ့ KNU နဲ့ ပြန်လည်ပေါင်းစည်းချင်တယ် ဆိုရင် အဓိက အခုလက်ရှိ နာမည်ပျက်နေတဲ့ ခေါင်းဆောင်တွေကို လက်ခံလို့ မရဘူး၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဗိုလ်ချစ်သူ၊ ဗိုလ်တင်ဝင်း၊ ဗိုလ်မုတ်သုန်၊ ဆန်းအောင်၊ ပြီးရင် ခုနကျန်တဲ့ DKBA ခေါင်းဆောင် တချို့ပေါ့နော်။ ဒီလူတွေကို မိခင်အဖွဲ့အစည်းထဲမှာ ပြန်လက်ခံလို့မရဘူး။ လက်ခံမယ်ဆိုရင်လည်း မိခင်အဖွဲ့အစည်းရဲ့ နာမည်ပျက်မယ်၊ ဂုဏ်သိက္ခာပျက်မယ်၊ ပြည်သူလူထုရဲ့ ယုံကြည်မှုလည်း ပျက်စီးမယ်၊ တခြားတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုတွေ ပျက်စီးမယ်။ အနာဂတ်မှာသွားနေတဲ့ နိုင်ငံရေး အခင်း အကျင်းတွေကို အများကြီးသွားပြီး ထိခိုက်မယ်။ သို့ပေမဲ့ BGF တို့၊ DKBA တို့၊ PC တို့၊ အောက်ခြေ တပ်သား တွေ စစ်ဗိုလ်စစ်မှူးတွေက ပြန်လည်ပေါင်းစည်းချင်တယ်ဆိုရင် မိခင်အဖွဲ့အစည်းအနေနဲ့ အဆင်သင့် တံခါးဖွင့် ထားဖို့ လိုတယ်။ ဖွင့်လည်းဖွင့်ထားတယ်လို့ ကျနော်ယုံကြည်တယ်။ ဆိုတော့ အဲဒီအခြေအနေကျရင်တော့ သိုးနဲ့ဆိတ်တော့ ခွဲရမှာပေါ့နော်။ ဘယ်သူ့ကိုလက်ခံမှာလဲဆိုတာကို။ ခုနပြောနေတဲ့ နာမည်ပျက်နေတဲ့လူတွေကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လက်ခံလို့မရဘူးလို့ ကျနော်ထင်တယ်။ လူထုရဲ့ တံတွေးခွက်ထဲကို ရောက်သွားဖို့ပဲ ရှိတယ်။






