ယခင်က ဆိုင်ကယ်တစ်စီးကို ၅၀၀သာကောက်ခံနေရာမှာ ယခု ၁၀၀၀ကျပ်ကောက်ခံနေသကဲ့သို့ ကားတစ်စီးကို ယခင်က ၁၀၀၀ကျပ်သာ ကောက်ခံနေရာမှ ယခု ၁၅၀၀ကျပ်အထိ တိုးကောက်နေ၍ ဇင်းကျိုက်ရွာကို အထင်လွဲခံရနိင်ကြောင်း ရေတခွန်လုပ်ငန်းကော်မတီမှကိုဇော်မင်းက သံလွင်တိုင်းမ်သို့ပြောသည်။
“အခြားဒေသကလာတဲ့လူတွေအနေနဲ့ လုပ်စားနေတဲ့ရွာပဲဆိုပြီး အထင်သေးမှာစိုးရိမ်ရပါတယ်။ လူတစ်ယောက်တစ်ဖွဲ့ရဲ့အကျိုးစီးပွား အတွက်နဲ့ ကျန်တဲ့လူအများ ထိခိုက်တယ််”ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။
ကောက်ခံသော ၁၀၀၀ကျပ်မှာ ယာဉ်ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် မဟုတ်ဘဲ ရပ်နားခသာ ဖြစ်ပြီး များလွန်သည့်ပမာ ဏဖြစ်ကြောင်း ရေတံခွန်ကို လာရောက်လည်ပတ်သူ မောင်စိုးလင်းထက်ကပြောသည်။
“ကျွန်တော်တို့ကပျော်ချင်လို့သွားတာ နောက်ပြီးလူမိုက်ကြေးပေးရသလိုပဲ ရပ်နားခပေးရတာဆိုတော့ မကျေနပ်ပေမဲ့ကိုယ့်နယ်မဟုတ် ဘူးလေပေးခဲ့ရတယ်”ဟု၎င်းက ပြောဆိုသည်။
ကားရပ်နားခအနေဖြင့် (၁၅၀၀)ကျပ်ကောက်ခံနေခြင်းကြောင့် အချို့ကားများ ငွေပေးဆောင်လိုခြင်း မရှိသဖြင့် မော်လမြိုင်ရန်ကုန်ကား လမ်းဘေး၌ ရပ်နားထားကြပြီးဇူလိုင်၁၉ရက်နေ့က ရေတံခွန်အဝင်လမ်းဝမှ တစ်ဖက်ကို၃ဖာလုံခန့်စီယာဉ်ပိတ်ဆို့မှုဖြစ်ခဲ့ရသည့်ဟု ဒေသများကဆိုသည်။
“ပေးတော့ဘယ်ပေးချင်မလဲဗျာ။ မော်လမြိုင်ကနေအသွားအအပြန်၂သောင်းနဲ့လိုက်လာတာ သူတို့ကို ဗြောင်ကြီး(၁၅၀၀)ပေးလိုက် ရတော့ ဆီဘိုးနှတ်လိုက်ရင်ဘာကျန်တော့မှာလဲ။ (၁၅၀၀)ဆိုတာမိသားစု ညမနက်ဟင်းဘိုး ရတယ်၊”ဟု အငှါးယာဉ်မောင်းသူ ကိုပု က ပြောသည်။
လေလံခွင့်ပြုခဲ့စဉ်က ကောက်ခံရမည့်ငွေကြေးသတ်မှတ်ချက်ပါရှိပြီး ယခုကဲ့သို့ငွေတိုးမြှင့်ကောက်ခံနေခြင်းမှာ ရေတံခွန်လုပ်ငန်းကော်မတီမှမသိပဲ မြို့အုပ်ချုပ်ရေးမှုးရုံးတွင်ကြီးကြပ်မှုကော်မတီ အစည်းအဝေးလုပ်ပြီးခွင့်ပြုခဲ့ကြောင်း ဇင်းကျိုက်အုပ်ချုပ်ရေးမှူးက ပြောသည်။
“တနင်္ဂနွေနေ့ညနေကပိုင်းကအစည်းအဝေးမှာ လေလံသမားကတင်ပြလို့ တိုးကောက်ဖို့ခွင့်ပြုလိုက်တာ၊ အဲဒီအစည်းအဝေးမှာ ကြီးကြပ်မှုကော်မတီက လူကြီးတွေပါပါတယ်၊ စည်ပင်ကလဲပါတယ်” ဟုဇင်း ကျိုက် မြို့အုပ်ချုပ်ရေးမှုးဦးညီညီထွန်းက ရှင်းလင်းပြောဆိုသည်။
ဇင်းကျိုက်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်နှင့်ပတ်သက်ပြီး ရေတံခွန်လုပ်ငန်းကော်မတီဝင်များက မသိရှိ ကြကြောင်းလည်း သိရသည်။
“မြို့နယ်ကပဲခွင့်ပြုတာလား။ ကျွန်တော်တို့ကိုဖိတ်လည်းမဖိတ်ဘူး။ အသိလည်းမပေးထားဘူး။ လုပ်ချင်သလိုလုပ်လို့ရနေရင် ကျွန်တော်တို့ကိုဘာလို့ကော်မတီဖွဲ့ထားသေးလဲ။ အခုငွေတိုးမြှင့်ကောက်ခံနေတဲ့ဟာ ကို ပြည်နယ်အစိုးရအထိတင်ပြတိုင်ကြား ဖို့ကော်မတီဝင်တွေညှိနေပါတယ်”ဟု ဇင်းကျိုက်မြို့ခံရေတံခွန်လုပ်ငန်းကော်မတီမှကိုထွန်းထွန်းနိုင်ကပြောသည်။
ရေတံခွန်တွင် အရပ်ရပ်ကိစ္စများငွေကြေးကောက်ခံနိုင်ရန် ငွေကျပ်ရ၇သိန်းဖြင့်ဦးသန့်ဇင်ဌေးဆိုသူကလေလံဆွဲထားပြီး ထိုငွေများကို မြို့နယ်စည်ပင်ခေါင်းစဉ်ဖြင့်ဘဏ်ငွေစာရင်းဖွင့်ထားကြောင်း သိရသည်။







