သတင်းမီဒီယာနှင့် ကရင်ခေါင်းဆောင်အချို့၏ အမြင်သဘောထားများ

သတင်းမီဒီယာနှင့် ကရင်ခေါင်းဆောင်အချို့၏ အမြင်သဘောထားများ
by -
ကေအိုင်စီ
ပဒိုနော်စီဖိုးရာစိန် (ဒုဥက္ကဋ္ဌ - ကေအဲန်ယူ) ကျမ ထင်တာကတော့ သတင်းမီဒီယာက အရေးကြီးတဲ့အရာတစ်ခုပါပဲ။ အထူးသဖြင့် မီဒီယာဟာ ကျမတို့ရဲ့ ကရင်တွေအထဲမှာ အကြောင်းအရာတွေ ပြည်သူတွေအထဲကို ရောက်ရှိဖို့အတွက် ဖြစ်ပါတယ်။ သတင်းတွေ ရောက်ရှိဖို့ဆိုရင်လည်း မီဒီယာတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ ဘာကြောင့်လဲဆိုတော့  ကျမတို့ ကရင်အချင်းချင်းအထဲကဖြစ်စေ၊ မြို့ထဲက ပြည်သူလူထုတွေအတွက် ဆက်သွယ်ရေး(communication) ဖြစ်တယ်။ ဂြိုလ်တုနဲ့ အင်တာနက်တွေမှာဆိုရင်လည်း သူတို့ သတင်းမီဒီယာတွေကို မှီခိုနေရတယ်။ မီဒီယာရဲ့ လှုပ်ရှားမှုတွေ၊ သတင်းပေးမှုတွေ၊ သတင်းဖြန့်ချိတာတွေက ပြည်သူတွေကို အသိပညာတွေကို တိုးပွားစေတယ်။ နိုင်ငံရေးကိစ္စနဲ့ ပတ်သက်တာတွေကိုလည်း ပြည်သူတွေကို အသိပေးနိုင်တယ်။

ဒါကြောင့်ကျမရဲ့အမြင်က မီဒီယာကို မြှင့်တင်ရမယ်။ သတင်းတွေကို ရေဒီယိုနဲ့ဖြစ်စေ၊ ရုပ်မြင်သံကြားနဲ့ဖြစ်စေ၊ စာစောင်နဲဲဲဲ့ဖြစ်စေ ကျမတို့ မြှင့်တင်ရမယ်။ ကျမတို့ ဒီလိုလုပ်မှ ပြည်သူတွေသိသင့်တဲ့ အကြောင်းအရာကို ပြည်သူတွေ သိရမှာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ပြည်သူတွေကလည်း အမျိုးမျိုး ရှိကြတယ်။ တချို့ စာဖတ်အားနည်းတာကို တွေ့ရတယ်။ တချို့ကျတော့လည်း သူတို့ဆီကို စာပေတွေ အရောက်နည်းတယ်။ ဆိုလိုချင်တာက အသံလွှင့်ရေဒီယိုတွေကို ကျမတို့ လုပ်ဆောင်သင့်တယ်။ ပြည်သူတွေ ဘက်ကတော့ ရေဒီယိုကို ကြိုးစားနားထောင်ပြီး အသိပညာဗဟုသုတတွေ ပွားများအောင် ရှာရမယ်။ အခု အခြေအနေ သတင်းတွေ အနေအထားကိုကြည့်ရင် ကျမတို့ အမျိုးမျိုး ဖြန့်လို့ရတယ်။ အခု social media(လူမှုကွန်ရက် မီဒီယာ)လို့ခေါ်တဲ့ ဖေ့စ်ဘွတ်(facebook) တွေကလည်း ပြည်သူတွေကို သတင်းပေးတဲ့ မီဒီယာတစ်ခုပါပဲ။

ကျမထင်တာက ကျမတို့ရဲ့ ကရင်တွေအတွင်းမှာ သတင်းတွေကို ပိုမိုလုပ်ဆောင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကရင်တွေထဲက မီဒီယာဟာ အင်အားတွေ ပိုလိုအပ်တယ်။ ကျမတို့အင်အားတွေ ထပ်ဖြည့်မယ်ဆိုရင် ပေးသင့်တဲ့သတင်းတွေ၊ ကျမတို့ လှုပ်ရှားမှုတွေကို ကျမတို့ရဲ့ ကရင်တွေအတွင်းမှာ၊ ကျမတို့ ပြည်သူတွေကို ပေးလို့ရတယ်။ နိုင်ငံခြားက ထူးချွန်တဲ့ လှုပ်ရှားမှုတွေကို ဖြန့်ဝေမယ်ဆိုရင် ဒါက action(လှုပ်ရှားမှု) တစ်ခု ဖြစ်တယ်။ သူတို့နိုင်ငံခြားမှာ နေပေမယ့် ဒီကလူတွေ သိရတယ်။ ကျမတို့အင်အားများရင် မြန်မာပြည်ထဲက ပြည်သူတွေရဲ့ လှုပ်ရှားမှု၊ ထူးချွန်မှု၊ သူတို့ရဲ့အသံ၊ သူတို့ပြောချင်တာလေးတွေကို ကျမတို့ သတင်းပေးမယ်ဆိုရင် ပေးလို့ ရတယ်။ ဒါက ပြည်သူတွေအတွက် အကျိုးရှိတယ်။ တစ်ဖက်မှာလည်း ကျမတို့ခေါင်းဆောင်တွေ အပိုင်းမှာ၊ စာဖတ်ပရိဿတ်တွေကြားမှာ ပြည်သူတွေရဲ့ အသံ၊ အခြေအနေ၊ ခံစားချက်တွေကို သိလာမှာပါ။

ပဒိုစောဘီးလယ် (ဥက္ကဋ္ဌ၊ ကေအဲန်ယူ ဘိတ်/ထားဝယ်ခရိုင်)

သတင်းမီဒီယာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အဖွဲ့အစည်းထဲမှာ လှုပ်ရှားမှုတွေအတွက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုရဲ့လှုပ်ရှားမှုဖြစ်စေ ထင်သာမြင်သာ ပေါ်လွင်စေဖို့အတွက် မီဒီယာရဲ့အခန်းကဏ္ဍက အရေးကြီးတယ်။ သတင်းမီဒီယာတွေရဲ့ ပေါ်လွင်ထင်ရှားမှုတွေ မရှိဘူးဆိုရင် အဖွဲ့အစည်းတစ်ခုဟာ အသိပေးမှုဆိုတာလည်း မရှိပါဘူး။ သတင်းယူတဲ့သူ(သတင်းထောက်)တွေက ပြည်သူတွေထဲမှာ ရှိတယ်။ ပြီးတော့ အဖွဲ့အစည်းတွေထဲက ရှိနေတဲ့အပေါ်မှာ သူတို့ ရှာဖွေရရှိထားတဲ့ အကြောင်းအရာတွေကို ဆက်စပ်ပတ်သက်သူတွေဆီဖြစ်စေ၊ အကူအညီပေးသူဆီဖြစ်စေ၊ စီစဉ်ဆောင်ရွက်တဲ့သူတွေဆီကို ဖြစ်စေ အသိပေးမယ်။ သတင်းကို အချိန်မီ ပေးနိုင်စွမ်းရှိရမယ်။ အဲဒါမှ အကူအညီ အထောက်အပံ့တွေ ဖြစ်မယ်။ အချိန်မီ ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်း ရှိသွားမှာ ဖြစ်ပါတယ်။

ကျနော်တို့ ခရိုင်မှာ ဖြစ်စေချင်တာက သတင်းကို သက်ဆိုင်တဲ့သူတွေဆီမှာ ယူမယ်။ သက်ဆိုင်တဲ့သူတွေက  အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားတဲ့သူတွေကို နားလည်အောင် လုပ်မယ်။ ဒါတွေဟာအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ အခက်အခဲကြံုတွေ့နေရတဲ့ ပြည်သူတွေပဲဖြစ်ဖြစ် သူတို့ခံစားနေရတဲ့အရာတွေ ပြောရဲအောင် ဖြစ်ပါတယ်။ ပြည်သူတွေကို နားလည်အောင် လုပ်နိုင်ဖို့လည်း ဖြစ်ပါတယ်။

နော်မရဒါးဂေဖော (အမေရိကန်နိုင်ငံ ကေအဲန်ယူကိုယ်စားလှယ်)

မီဒီယာက အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ကျမရဲ့ အလုပ်အကိုင်တွေထဲမှာ ကျမကိုယ်တိုင် အချက်အလက် အကြောင်းအရာတွေကို လိုက်ရှာဖို့ လက်လှမ်းမမှီနိုင်ဘူး။ အချက်အလက်တွေ သိရဖို့ အမေရိကန်အစိုးရဆီမှာ တင်ဖို့ဖြစ်စေ၊ ပြည်သူတွေကို နားလည်အောင် ပြောပြဖို့ အမေရိကန်နိုင်ငံသားဖြစ်ဖြစ်၊ တိုင်းရင်းသားဖြစ်ဖြစ် မီဒီယာကိုပဲ မှီခိုကြရတယ်။ ဒါကြောင့် မီဒီယာက တော်တော်အရေးကြီးတယ်။ ကျမတို့ရဲ့ နိုင်ငံသားတွေဟာ ပြည်သူတွေကိုယ်စား စကားပြောပိုင်ခွင့်ရှိပါတယ်။ ကျမက သတင်းဌာနကို မှီခိုရမယ်။ ကရင်လိုဖြစ်ဖြစ်၊ ဗမာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ် ဖတ်ရတယ်။ သတင်းဌာနမှာ အလုပ်လုပ်တဲ့သူတွေကလည်း အရေးကြီးတာမို့ သေသေချာချာလုပ်ပါ။ ကျယ်ကျယ်ပြန့်ပြန့်ပြန့်ဝေငှပါ။

ကရင်လူမှုအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီးတော့ သတင်းဌာနမှာ အလုပ်လုပ်တဲ့ သူတွေဟာ အရေးကြီးတဲ့ သူတွေဖြစ်တယ်။ အထူးသဖြင့် ကရင်သတင်းဌာနက ပြည်တွင်းမှာရှိတဲ့ ကရင်အတွက်ဖြစ်တယ်။ အခုကျမတို့ကြည့်မယ်ဆိုရင် ကရင်သတင်းဌာနက ကိုယ်တိုင်ရောက်တယ်။ သတင်းထုတ်လုပ်တယ်။ တဆင့်ပြန်ပြီး ဖြန့်ချိတယ်။ ကျမတို့ကတော့ တဆင့်ခံပြန်ရရှိတယ်။ မြန်မာပြည်ထဲမှာဆိုရင် သတင်းဌာနတွေ အများကြီးရောက်ရှိတယ်။ သေးသေးကြီးကြီးတွေ အကုန်ရောက်တယ်။ တခြားသူတွေရဲ့အကြောင်းတွေဆိုရင် တက်တယ်။ကရင်တွေအကြောင်းဆိုရင် မတက်ဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရကလည်း ပိတ်ထားတယ်။ သတင်းတွေ သွားယူဖို့ အခွင့်အရေးမပေးဘူး။ ဖာပွန်ခရိုင်မှာပဲဖြစ်ဖြစ်၊ တပ်မဟာ(၁)၊ တပ်မဟာ(၂)တွေမှာ ဆိုရင်မရှိဘူး။ မီဒီယာတွေက အများအတွက်၊ မီဒီယာဟာ ပြည်သူကိုယ်စားစကားပြောတဲ့ သူတွေပါ။

နောက်တစ်ခုက မီဒီယာကြီးမားတိုးတက်လာဖို့ဆိုရင် ငွေကြေးအထောက်အပံ့ပေါ်မှာလည်း မူတည်တယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သွားတာ၊ လာတာ၊ စားတာကအစ ငွေကြေးလိုအပ်တယ်။ လူသားအရင်းအမြစ်လည်း လိုအပ်တယ်။ အလုပ်လုပ်သူတွေရဲ့ အရည်အချင်းလည်း လိုအပ်တယ်။ ငွေကြေးရံပုံငွေ ရှာတဲ့နေရာမှာ နိုင်ငံခြားမှာသိတဲ့ အဖော်တွေရှိရင် သူတို့ကို ဆက်သွယ်အသိပေးပါ။ လိုအပ်တာတွေကို သူတို့ကိုပြောပြပါ။ နောက်ပြီး ငွေကြေးတစ်ခုတည်းပဲ ထောက်ပံ့ဖို့ထက် တတ်သိနားလည်တဲ့သူတွေ ပြန်လာဝိုင်းကူစေချင်တယ်။ နိုင်သလောက်ပြန်လာဝိုင်းကူသင်ယူပေါ့။ တနှစ်နိုင်ရင် တနှစ်ပေါ့။ ဒါက သူတို့အတတ်သင်ဖို့ လမ်းကြောင်းတစ်ခုဖြစ်သလို ဟိုဘက်မှာလည်း ပြန်သုံးဖို့အတွက်ပါ။ တဆက်တည်းမှာပဲ ဒီမှာ အလုပ်ပြန်လာလုပ်တဲ့အတွက် သူတို့ရဲ့မျက်စိနဲ့ သူတို့ကိုယ်တိုင် တွေ့ကြံုရမယ်။ ကျမထင်တာက ကရင်သတင်းဌာနကို ပိုမိုတောင့်တင်း အောင်ဖြစ်စေမယ့် လမ်းကြောင်းပဲ။ အဲလိုဆိုရင်ကေအိုင်စီဆိုတာလည်း နိုင်ငံခြားမှာ ရှိလာနိုင်တယ်။

နော်တာမလာစော (တွဲဖက်အတွင်းရေးမှူး-၂၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO)

ကျမတိုရဲ့ ကရင်အသိုင်းအဝိုင်းမှာ ကြည့်မယ်ဆိုရင် မီဒီယာက အရေးကြီးတဲ့အရာတစ်ခု ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သတင်းဖြန့်ဝေခြင်းဟာ အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်။ အချက်အလက်တွေကို အချိန်မီ ပြည်သူတွေဆီကို ဖြန့်ဝေဖို့တော့လိုတယ်။ ဒါမှ ပြည်သူပဲဖြစ်ဖြစ်၊ လူမှုဦးစီးခေါင်းဆောင်သူတွေပဲဖြစ်ဖြစ်၊ ဒေသခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းအတွင်းမှာလုပ်တဲ့ အမျိုးသမီး၊ အမျိုးသားတွေပဲဖြစ်ဖြစ် အချိန်မီရရှိနိုင်မှာပါ။ သူတို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာကိုသူတို့သိလာမယ်။ သူတို့ပတ်ဝန်းကျင်မှာ အေးချမ်းနေသည့်တိုင် တခြားဒေသတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ သိလာမယ်။ အသိပညာတွေ ပွားများလာအောင် ဆက်သွယ်ပေးတဲ့ လမ်းကြောင်းဖြစ်တယ်။ ကျမတို့ရဲ့ မျက်စိတွေ ပွင့်လာမယ်။ ကျမတို့ရဲ့စိတ်ထားတွေ ပွင့်လန်းလာမယ်။ ကျမတို့ ပတ်ဝန်းကျင်တစ်ဝိုက်ကိုလည်း နားစွင့်တတ်လာမယ်။ နောက်ကျမတို့ရဲ့ ဒေသမှာဖြစ်မယ်ဆိုရင် ဘာလုပ်ရမလဲ။ ကျမတို့ သတင်းတွေဆီကနေ သင်ယူလို့ရတယ်။

ကရင်သတင်းစဉ်လည်း ပိုမိုခိုင်မာတောင့်တင်းအောင် ဒီထက်သတင်းတွေ အချိန်မီအောင် ပိုလုပ်ဆောင်စေချင်တယ်။ ကရင့်ရေးရာနဲ့ ပတ်သက်တာတွေကို ကရင်တွေ အရင်ဦးဆုံးထုတ်လုပ်ရမယ်။ ဒါပေမယ့်တွေ့ရတာက တခြားသတင်းဌာနဖြစ်တဲ့ ဒီဗွီဘီ၊ ဘီဘီစီတို့ ထုတ်လွှင့်ပြီးမှ ကွယ်ကလူတို့၊ ကရင်သတင်းစဉ်တို့ နောက်ကျမှထုတ်တာကို တွေ့ရတယ်။ ဒါကြောင့် ဒီထက် ပိုအားကောင်းအောင် လုပ်ဆောင်သွားစေချင်တယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...