မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု အနာကြီးရောဂါဆေးရုံမှ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများကို ပေးအပ်မည်ဖြစ်ပြီး ယင်းအခမ်းအနားကျင်းပရန် မတ္တရာမြို့ရှိ ဘုရင့်နောင်ခန်းမတွင် ပြင်ဆင်နေမှုများကို ဇွန်လ ၁၇ရက်က မန္တလေးတိုင်း ဝန်ကြီးချုပ်က လာရောက်ကြည့်ရှုခဲ့သည်။
"ပြင်ဆင်ထားတဲ့ အခြေအနေကိုလာကြည့်တာပါ။ ဒုသမ္မတလည်းတက်မယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့တွေလည်းလာမယ်။ ပေးအပ်မယ့်ရက်ကို ကြိုပြောပါမယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။
အဆိုပါမြေများကို ပြန်လည်ပေးအပ်ရန်အတွက် အခမ်းအနားများပြင်ဆင်ထားသော်လည်း ပေးအပ်မည့်ရက်ကို အတိအကျမသေးကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်မင်းအောင်ကပြောသည်။
ပြန်လည်စွန့်လွှတ်မည့်မြေမှာ မူလတောင်သူ ၃၂ဦးပိုင်ဆိုင်သည့် လယ်ယာမြေဧက ၂၀၈ ဖြစ်သည်။
"အမှန်တကယ် ပိုင်ဆိုင်ကြောင်းစီစစ်ပြီးမှ အခုလိုပြန်လည်စွန့်လွှတ်တာပါ။ ဧက ၁၁၀၀ ကျော် ကျန်ပါသေးတယ်။ အဲဒါတွေကိုလည်း ပြန်လည်စွန့်လွှတ်ဖို့ စိစစ်နေပါတယ်။"ဟု လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်မင်းအောင်ကပြောသည်။







