ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ၄၀ ရက်မြောက်နေ့ကို ဇွန်လ ၁၀ရက်တွင် ရပ်နားခဲ့ပြီး အစည်းအဝေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကရှင်းလင်းပြောကြားရာတွင် ယခုကဲ့သို ့ပြောကြားခဲ့ခြင်းဖြစ်သည်။
"အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍတို ့ရဲ့ လုပ်ငန်းများကိုလည်း နှံနှံစပ်စပ် လေ့လာသိရှိထားဖို ့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍများအပေါ် မိမိတို ့ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောဆို၊ ပြုမူ၊ ဆောင်ရွက်ချက်များသည် မလျော်သြဇာသုံးသည့် သဘောမျိုး မသက်ရောက်စေရန် သတိကြီးစွာထားဖို ့လိုအပ်ပါတယ်" ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို ့ရရှိထားတဲ့ ဥပဒေပြုရေးအာဏာကို အသုံးပြု၍ ပြည်သူများ ချမ်းသာကြွယ်ဝပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရေးအတွက် တရားဥပဒေစိုးမိုးရေး နှင့် အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်ပေးမည့် ဥပဒေများ ရေးဆွဲပြဌာန်းပေးရန်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကတာဝန်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌကပြောသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေကြမ်း ကိုအမျိုးသားလွှတ်တော်သို ့တင်သွင်းပြီး ဥပဒေအတည်ပြုခြင်း နှင့် ခေတ်နှင့် မလျော်ညီသည့် ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကော်မတီအစည်းအဝေး ပေါင်း (၁၉၄) ကြိမ်ကျင်းပခဲ့ကြောင်း၊ မေးခွန်းများမေးမြန်းခြင်း ကဏ္ဍတွင် ကြယ်ပွင့်ပြမေးခွန်း (၃၃) ခု ကြယ်ပွင့်မပြမေးခွန်း (၆)ခု မေးမြန်းခဲ့ပြီး အဆိုတစ်ရပ်တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။







