ပင်လုံညီလာခံအတွက် တိုင်းရင်းသားခေါင်းဆောင်များ ပြင်ဆင်နေကြပြီ

ပင်လုံညီလာခံအတွက် တိုင်းရင်းသားခေါင်းဆောင်များ ပြင်ဆင်နေကြပြီ
by -
မဇ္စျိမ
ပင်လုံစာချုပ် ချုပ်ဆိုခဲ့ခြင်းကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော ကချင်၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ပင်လုံဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေးတွင် KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ရ ရက်နှင့် ၈ ရက်က ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ခေါင်းဆောင်များ၏ ပင်လုံဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး နိဂုံးချုပ် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပင်လုံကတိကဝတ် ပင်လုံစာချုပ်ဆိုတာ ပြောလို့လွယ်တယ်။ ဒါပေမယ့် အင်မတန်မှ နက်နဲမှု ရှိခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ် မရှိခဲ့လို့ရှိရင် ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာလည်း ရှိလာမှာမဟုတ်ဘူး။ ဒါကြောင့်မို့၊ ဒီပင်လုံဆိုတဲ့ ဝေါဟာရဟာ အင်မတန်မှ လေးနက်တယ်ဆိုတဲ့အကြောင်း ပြောရခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ပေါ်ပေါက်လာရေးအတွက် ပင်လုံစာချုပ်သည် အရေးကြီးကြောင်း အားလုံး သိရှိထားသော်လည်း ယခုအချိန်တွင် အစိုးရ ခေတ်အဆက်ဆက်က ပင်လုံ စာချုပ်အား အလေးမထားဘဲ မျက်ကွယ်ပြုခဲ့ကြောင်း သူက ထည့်သွင်းပြောဆိုထားသည်။

“မြန်မာ့တပ်မတော်က အစဉ်အဆက်ပြောနေတဲ့ အရေးသုံးပါးဆိုတာ အရေးသုံးပါးကို ထိတယ်ဆိုတာ ဒီပင်လုံစာချုပ်ကို ပျက်ပယ်ပြုတဲ့ လူတွေပိုပြီးတော့ ဒီအရေးသုံးပါးကို ကျူးလွန်တာ ဖြစ်တယ်။ ဒီတော့ အခု ဒီအရေးသုံးပါးကို ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေကို ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ခုံရုံးတင်သင့်တယ်။ ဒါပေမယ့်ကျနော်တို့က ဒီလောက် မပြောလိုပါဘူး။ ဒီတော့ ပင်လုံ ကတိကဝတ်၊ ပင်လုံစာချုပ်အတိုင်း လုပ်ဖို့လည်း မပြောလိုပါဘူး။ ဒါပေမယ့် ပင်လုံစာချုပ်ရဲ့ အနစ်သာရကို ပေါ်လွင်အောင်တော့ ကျနော်တို့အားလုံး ဝိုင်းဝန်းလုပ်ဆောင်ရမှာ ဖြစ်တယ်”ဟု သူက ပြောသည်။

ပင်လုံစာချုပ်ပါ ကတိကဝတ်များ ရှုပ်ထွေးမှုမရှိစေရန် ကချင်၊ ရှမ်းနှင့် ချင်း တိုင်းရင်းသား ခေါင်းဆောင်များ မျက်နှာချင်းဆိုင်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း ဖြစ်ကာ ပင်လုံစာချုပ်ပါ ကတိကဝတ်များကို သုံးသပ်နိုင်ခဲ့သဖြင့် အားရ ကျေနပ်ကြောင်း ဗိုလ်ချုပ်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီပင်လုံကြောင့် လွတ်လပ်ရေးရခဲ့တယ်။ ဒီပင်လုံကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရတယ်ဆိုတာ အားလုံး အသိဖြစ်တယ်။ အခုလည်း ၂၁ ရာစုပင်လုံ ညီလာခံမှာ ကောင်းကောင်းမွန်မွန် ကျနော်တို့ မလုပ်နိုင်ဘူးဆိုရင် ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်။ ဒီရှုပ်ထွေးမှု မဖြစ်အောင် ဒီကနေ့ ကျနော်တို့က ပိုင်ရှင်အနေနဲ့ရော ဒါကို အရှုပ်အထွေးမရှိအောင် ဒါကို ကြိုတင်ပြီးတော့ ပြင်ဆင်မှုလုပ်နေရခြင်း ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ထို့ပြင် အစိုးရသစ်လက်ထက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပင်လုံ ညီလာခံကျင်းပရေးအတွက် ဖိတ်ခေါ်မှု အပေါ်တွင် KIO ၊ SSPPနှင့် RCSS စသည့် တိုင်းရင်းသားခေါင်းဆောင်များ သုံးသပ်ခဲ့ခြင်း ဖြစ်ပြီး ကချင်၊ ရှမ်းနှင့် ချင်း တိုင်းရင်းသားများက တာဝန်ယူမှုနှင့် ဦးဆောင်သွားမည်ဟု ဆိုသည်။ ရှေ့လုပ် ငန်းစဉ်များတွင် အခြားသော တိုင်းရင်းသားများလည်း ဆွေးနွေးညှိနှိုင်းကာ အစိုးရ ဖိတ်ခေါ်သော ညီလာခံတွင် တင်ပြသွားနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်အင်ဘန်လက ထည့်သွင်းပြောဆိုခဲ့သည်။

ပင်လုံဆိုင်ရာအစည်းအဝေးအပြီး အစိုးရသစ်ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရေးကိုလည်း ကြိုဆိုကြောင်းနှင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့်အခြေခံအကြောင်း၊ ပင်လုံကတိကဝတ်၊ အနစ်သာရများအပေါ် သုံးသပ်ခဲ့ပြီး အစည်းအဝေးသဘောတူညီချက်များကို ထိပ်ပိုင်းခေါင်းဆောင် သုံးဦးက မှတ်တမ်းတင် လက်မှတ်များ ရေးထိုးခဲ့ကြသည်။

“တူညီတဲ့သဘောထားအမြင်က ၂၁ ပင်လုံ ညီလာခံကို ကြိုဆိုတယ်။ ပင်လုံရဲ့ အခြေခံ အနစ်သာရ မပျောက်ပျက်ဘဲနဲ့ ကျနော်တို့က ညှိနှိုင်းဆောင်ရွက်သွားမယ်။ လူထုကိုလည်း လိုအပ်တဲ့ တိုင်ပင်မှုတွေလုပ်ပြီးမှ ပြင်ဆင်သွားမယ်ဆိုတဲ့ သဘောထားတွေ ကျနော်တို့ မှတ်တမ်းတင်ထားပါတယ်”ဟု KIO မှ ဗိုလ်ချုပ် ဂွန်မော်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အစိုးရသစ်မှ မကြာမီ ကျင်းမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် မူလ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် ပါရှိသော ကတိကဝတ်များ မပျောက်ပျက်ဘဲ ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်မိဏ်းက သတင်းထောက်များကို ပြောသည်။

“၂၁ ရာစုပင်လုံ ညီလာခံကလည်း ကျနော်တို့ရဲ့ ၁၉၄၇ ခုနှစ်က ပင်လုံစိတ်ဓါတ် ပင်လုံကတိကဝတ်တွေ၊ ပင်လုံအနစ်သာရတွေကို မပျောက်စေဘဲနဲ့ ဒီအတိုင်းပဲ ဆက်လက် ကျင်းပသွားမယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်။ မျှော်လင့်ထားတယ်။ အဲဒီပွဲကိုလည်း တက်ဖို့ တခြားအဖွဲ့အစည်းတွေနဲ့ သွားတက်နိုင်ဖို့ ညှိနှိုင်းသွားမယ်။ ပင်လုံနဲ့ ပတ်သက်လို့ပြည်သူတွေ ပါဝင်ဆောင်ရွက်နိုင်အောင် ညှိနှိုင်းသွားမှာဖြစ်တယ်”ဟု သူက ပြောသည်။

ယင်းအစည်းအဝေးတွင် KIO၊ RCSS၊ SSPP၊ ချင်းအမျိုးသားတပ်ဦး(CNF) ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခဲ့သည်။ သို့သော် CNF မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိသော်လည်း အစည်းအဝေး၏ ဆုံးဖြတ် ချက်များကို အသိအမှတ်ပြုမည်ဟု ဖုန်းမှတဆင့် လက်ခံရရှိခဲ့သည်ဟု ဒုဗိုလ်မှူးကြီး စိုင်မိဏ်းက ပြောသည်။

အစည်းအဝေးတွင် KIO မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ SSPP မှ ဗိုလ်ချုပ် စိုင်းထူးတို့ အပါအဝင် အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ ၂၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

၁၉၄၇ ခုနှစ် ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကချင်၊ ရှမ်း၊ ချင်းစသည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ ကတိကဝတ်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...