မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ဧပြီလ ၂ရက်မှ မေလ ရရက်နေ့အထိ ကျင်းပခဲ့သည့် ယင်းဘောလုံးပြိုင်ပွဲကို မြန်မာအပြင် အာဖရိကတိုက်နှင့် အရှေ့အလယ်ပိုင်းဒေသမှဒုက္ခသည်ကလေးများပါ၀င်သော U-10 (၁၀နှစ်အောက်)၌ (၄)သင်းနှင့် U-14 (၁၄နှစ်အောက်)၌ (၆)သင်း စုစုပေါင်း (၁၀)သင်း ယှဉ်ပြိုင်ကစားခဲ့ရာတွင် MKO မှ နှစ်သင်း ပါဝင်ခဲ့ရာမှ နှစ်သင်းစလုံး ချန်ပီယံ ဆု ရရှိခဲ့ခြင်းဖြစ်သည်ဟု MKO ဥက္ကဋ္ဌ စောကော်လားက ပြောသည်။
၎င်းက “ကျနော်တို့ ကလေးတွေက အရင်ကတည်းက အစွမ်းအစရှိတဲ့သူတွေပါပဲ။ သူတို့ဖာသာသူတို့ ကားပါကင်လို ကွင်းနေရာ တွေမှာ လေ့ကျင့်ပြီးတော့ သွားကစားကြတာပဲ။ ကျနော်တို့အနေနဲ့ အရမ်းကို အားရမိတယ်။ တစ်ဖက်ကကြည့်ရင် မပြည့်စုံတဲ့ ကြားကနေ သူတို့လေးတွေ ကြိုးစားကြတယ်။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိတယ်”ဟု ကေအိုင်စီသို့ ပြော သည်။
တစ်လကျော်ကြာ ကျင်းပပေးသည့် အဆိုပါ ဘောလုံးပြိုင်ပွဲကြီးကို ကျောင်းပိတ်ရက်၏ အပတ်စဉ် စနေနေ့တိုင်းတွင် ယှဉ်ပြိုင် ကစားပေးခြင်းဖြစ်သည်ဟု သိရသည်။
MKO ကိုယ်စားပြုပြီး ဆုရရှိခဲ့သည့် U-14 မှ တတိယတန်းကျောင်းသား အိုင်ခင်ဂျင် (Ai Khin Ji)က “ကျနော်တို့က ကျောင်းနေ့ တိုင်းတက်ရတော့ ညနေကျောင်းဆင်းချိန် ထမင်းစားပြီးတဲ့အခါကျမှ ကားပါကင်ထိုးတဲ့နေရာမှာ နေ့တိုင်း လေ့ကျင့်ရတယ်။ အရင်နှစ်တွေကဆိုရင် ဒုတိယဆုပဲ ရနေကြလေ။ ဒီနှစ်က ပထမဆုကို နှစ်ဆုစလုံးကိုရတော့ အရမ်းကိုအားရ ကျေနပ်မိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
UNHCR က ကြီးမှူးကျင်းပပေးသည့် Citizens Giving Lead League Football Tournament ကို ယခုနှစ် အပါအဝင် (၇)ကြိမ် မြောက်ဖြစ်ပြီး ယခင်နှစ်များက MKO ကျောင်းသားလူငယ်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုကဲ့သို့ ဗိုလ်စွဲခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသည်။
MKO ကို မလေးရှားရောက် ကရင်တိုင်းရင်းသားများအရေး လုပ်ဆောင်ရန် ရည်ရွယ်ပြီး ၂၀၀၅ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်နေ့တွင် ဖွဲ့ စည်းခဲ့သည်။ မလေးရှားရောက် ကရင်ကလေးငယ်များ ပညာသင်ကြားနိုင်ရန် ရည်ရွယ်ကာ MKO Learning Center ကို ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သလို မလေးရှားရောက် ကရင်လူထုများအတွက် အခမဲ့့ ဆေးဝါးကုသပေးမှုမျိုးကိုလည်း ပုံမှန် ပြုလုပ်ပေး လျက်ရှိသည်။







