ကရင်ပြည်နယ်အတွင်း တံတား ၃ ခုအပေါ် ၂၄ နာရီ ဖြတ်သန်းခွင့်ရရန် စီစဉ်နေ

ကရင်ပြည်နယ်အတွင်း တံတား ၃ ခုအပေါ် ၂၄ နာရီ ဖြတ်သန်းခွင့်ရရန် စီစဉ်နေ
by -
ကေအိုင်စီ
ကေအိုင်စီ (ဖားအံ-သံလွင်တံတား)
ကေအိုင်စီ (ဖားအံ-သံလွင်တံတား)
ကရင်ပြည်နယ်အတွင်းရှိ အကန့်အသတ်ဖြင့် သွားလာခွင့်ပြုထားသော ဂျိုင်းဇာသပြင်တံတား၊ ဂျိုင်းကော့ကရိတ် တံတားနှင့် ဖားအံမြို့ သံလွင်တံတားတို့ကို ယခုမေလအတွင်း ၂၄ နာရီပတ်လုံးသွားလာခွင့် ရရှိရန် စီစဉ်နေပြီး မကြာမီ ဖွင့်လှစ်ဖြတ်သန်းခွင့်ပြုတော့မည်ဖြစ် သည်ဟု စုံံစမ်းသိရှိရသည်။

အစိုးရသစ်လက်ထက် ပြည်နယ်တွင်း ပြုပြင်ပြောင်းလဲမှုများ ရက်ပေါင်းတစ်ရာ စီမံချက်အတွင်း ပြည်သူလူထု အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ရည်ရွယ်၍ ယခုလို တံတားပေါ် ဖြတ်သန်းခွင့်ကို လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ပြုလုပ်နေခြင်းဖြစ်သည်ဟု အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။

ကရင်ပြည်နယ်ဆောက်လုပ်ရေးဌာန ဦးစီးမှူး ဦးသောင်းဟန်စိုးက “ကျနော်တို့ မေ ၁ရက်နေ့၊ ဖွင့်နိုင်ဖို့ ကြိုးစားခဲ့ တယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့် လေလံရထားတဲ့ ကုမ္ပဏီတွေက စီစီတီဗွီ တပ်ဆင်တဲ့လုပ်ငန်းတွေ၊ နောက် တံတားမီးတွေ လုံခြံုရေးကိစ္စတွေ မပြီးပြတ်သေးလို့ပါ။ အဲဒါတွေပြီးရင် ၂၄နာရီ သွားလာနိုင်တော့မယ်။ အခုလုပ်ဆောင် နေတဲ့ ဆောင်ရွက်ချက်တွေကိုလည်း နယ်လုံဝန်ကြီးဆီ တင်ပြပေးထားပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးအခြေအနေ တိုးတက်လာပြီဖြစ်သည့်အတွက် တံတားများကို ဖွင့်လှစ်နိုင်ပါက ကောင်းမွန်ကြောင်း၊ သွားရေးလာရေးနှင့် လမ်းပန်းဆက်သွယ်ရေးအပိုင်းများ ယခုထက် တည်ငြိမ်တိုးလာမည် ဖြစ်ကြောင်း၊ အခြေအနေတိုးတက်ရန် အာလုံးပါဝင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်ကလည်း ကေအိုင်စီသို့ ပြောဆိုသည်။

၎င်းတံတားများကို ဒေသတွင်းလုံခြံုရေးအရ အချိန်အကန့်အသတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုသောကြောင့် ကူးသန်းသွားလာမှု၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူလူထုအတွက် ကျန်းမာရေး၊ သာရေးနာရေးကိစ္စများ လွန်စွာ နှောင့်နှေးခဲ့သလို ယာဉ်ကြောပိတ်ဆို့မှုများ ယာဉ်မတော်တဆဖြစ်မှုများ ထူပြောခဲ့သည်ဟု ပြည်နယ်အစိုးရ တာဝန်ရှိသူများက ဆိုသည်။

တံတားများ ဖွင့်လှစ်သွားမည့်အပေါ် ဖားအံအခြေစိုက် မာဃ လူမှုကူညီရေးအသင်းမှ ဦးကျော်ကြီးက “တံတား တွေ ၂၄ နာရီပြန်ဖွင့်တော့မယ်ဆိုတော့ ဝမ်းသာပါတယ်။ အရင် အစိုးရခေတ်တလျှောက်လုံး အကန့်အသတ်နဲ့ ပြည်သူကို သွားခိုင်း၊ တရားမဝင် ကားတွေ ကုန်တွေကျတော့ ပိတ်ထားချိန်မှာ ဖြတ်သန်းမှုလုပ်ခဲ့တာတွေ၊  ဒါတွေ ပပျောက်သွားစေချင်ပြီ။ အခုလို အချိန်ပြည့် ဖွင့်လိုက်ရင်တော့ ဖားအံမြို့ကတော့ ပိုစည်ကား လာတော့မှာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

မကြာမီ အချိန်ပြည့်သွားလာခွင့်ပြုတော့မည့် ကရင်ပြည်နယ်တွင်းရှိ အဆိုပါ မြစ်ကူးတံတားများသည် စစ်အစိုးရ လက်ထက်နှင့် သမ္မတ ဦသိန်းစိန် အစိုးရလက်ထက်အထိ နှစ်ပေါင်း ၂၀ ကျော်ကြာ အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုတံတားများသည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ကြသည့် မဲဆောက်-မြဝတီမှ တဆင့် ခရီးသွားလာရေးအပြင် ပြည်တွင်းသွင်းကုန်ထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် အသုံးပြုများသော တံတားများလည်းဖြစ်ကြောင်း သိရသည်။

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...