အချက်(၃)ချက်ဖြင့် ဒုသမ္မတလောင်းများရွေးချယ်ခဲ့ဟု ဒေါ်စုပြော

အချက်(၃)ချက်ဖြင့် ဒုသမ္မတလောင်းများရွေးချယ်ခဲ့ဟု ဒေါ်စုပြော
by -
မဇ္စျိမ
ဟောင်ဆာ(ရာမည)/မဇ္ဈိမ
ဟောင်ဆာ(ရာမည)/မဇ္ဈိမ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က မတ်လ ၁၀ရက်တွင် အဆိုပြုလိုက်သော ဒုတိယသမ္မတလောင်းများကို သစ္စာရှိသူ၊ စည်းကမ်းလိုက်နာသူ၊ နိုင်ငံတကာကပါ လေးစားမှုရှိသူစသည့် အချက်များကို အခြေခံကာ ရွေးချယ် အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဒုတိယသမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော်တွင်ဦးထင်ကျော်နှင့် အမျိုးသားလွှတ်တော်တွင် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို NLDပါတီက အဆိုပြုလိုက်ခြင်းဖြစ်ပြီး ထိုသူများကို မည်သည့်အချက်များကြောင့် အဆိုပြုခဲ့သည်ကို မတ်လ ၁၀ရက်၊ ညနေပိုင်းတွင် ပါတီဝင် ပြည်ထောင်စုလွှတ်တော်အမတ်များကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ခြင်းဖြစ်သည်။

“ဝါ ကိုကြည့်ပြီးရွေးချယ်တာ မဟုတ်သလို၊ ဂုဏ်ပကာသနကိုကြည့်ပြီး ရွေးတာလည်း မဟုတ်ပါဘူး။ ကျမတို့ရွေးချယ်တဲ့ သမ္မတလောင်းတွေကို ပြည်သူလူထုက သဘောကျလိမ့်မယ် ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အချက်(၃)ချက်ကို အခြေခံကာ ဒုသမ္မတလောင်းများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဦးစားပေးအနေဖြင့် သစ္စာတရားကို အခြေခံရွေးချယ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျမတို့ရွေးတဲ့ သမ္မတ၊ ဒုသမ္မတတွေဟာ နံပါတ် (၁) အဖွဲ့အပေါ်မှာ သစ္စာရှိရမယ်။ သစ္စာရှိတဲ့နေရာမှာ အဖွဲ့ထဲမှာ ဘယ်လောက်ကြာကြာလုပ်တယ်ဆိုတာ ဘာမှမဆိုင်ဘူး။ ပြီးတော့ ဗီဇပေါ့။ တချို့လူတွေက ဗီဇအရကို အင်မတန်မှ သစ္စာတရားကို အလေးထားတယ်။ တချို့က ခပ်ပေါ့ပေါ့ထားတယ်။ ကျမတုုိ့က သစ္စာတရားကို အလေးထားတဲ့ပုဂ္ဂိုလ်များကို နံပါတ် (၁) ဦးစားပေးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒုတိယအချက်အနေဖြင့် စည်းမျဉ်း၊ စည်းကမ်းများအား လေးစားလိုက်နာသူကို အခြေခံကာ ရွေးချယ်ခဲ့သည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုသည်။

“နံပါတ် (၂) ကတော့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရမှု။ ကျမတို့အဖွဲ့ချုပ်ရဲ့ စည်းကမ်းများကို လေးစားပြီးတော့ တိတိကျကျလိုက်နာတဲ့လူ ဖြစ်ရမယ်” ဟု သူမက ပါတီဝင်အမတ်များကို ရှင်းပြသည်။

နောက်ဆုံးအချက်အနေဖြင့်မူ နိုင်ငံသူ၊ နိုင်ငံသားများကသာမက နိုင်ငံတကာကပါ လေးစားလောက်သည့် အရည်အချင်းရှိသူကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ဒုတိယသမ္မတလောင်းများကို ဒေါ်အောင်ဆန်းစုကြည်က အဓိကရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု NLD၏ ပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင် က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့လည်း ခက်ခက်ခဲခဲ ရှာခဲ့ရတာပါ။ ဘယ်သူရွေးသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးတယ်။ ကျွန်တောတို့အားလုံး ထောက်ခံတယ်။ ပြည်သူတွေလည်း ထောက်ခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

NLDပါတီက အဆိုပြုသည့် သမ္မတလောင်းများအပေါ် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း၏ သဘောထားကို မဇ္ဈိမက မေးမြန်းကြည့်ရာ “အားလုံးက ဒီမိုကရေစီနည်းကျ စဉ်းစားမှာပဲလေ။ သူတို့(NLD)ဘက်ကလည်း သင့်တော်လို့ အရည်အချင်းပြည့်မှီလို့ တင်တယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ဘက်ကနေ စွမ်းရည်ရှိမယ့်သူတွေ၊ နိုုင်ငံ့အတွက် စေတနာထားပြီး အလုပ်လုပ်နိုင်မယ့်သူတွေ ကျွန်တော်တို့ ရွေးပေးတာပဲဗျ” ဟု မှတ်ချက်ပြုသည်။

ကြ့ံခိုင်ရေးပါတီအနေဖြင့် ဒုသမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော်တွင် ဒေါက်တာစိုင်းမောက်ခမ်း(လက်ရှိ ဒုတိယသမ္မတ)နှင့် အမျိုးသားလွှတ်တော်တွင် ဦးခင်အောင်မြင့်တို့ကို အဆိုပြုထားသည်။

“ဝ” ဒီမိုကရက်တစ်ပါတီအမတ် ဦးကျင်ဝမ်းကမူ NLDပါတီ၏ ဒုသမ္မတလောင်းများအပေါ် လတ်တလောတွင် သဘောထားမှတ်ချက်မပေး လိုသေးဟု ဆိုသည်။

ဒုတိယသမ္မတလောင်းများကို မတ်လ ၁၁ရက်၊ လွှတ်တော်အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တာ်သို့ ဆက်လက်တင်ပြမည်ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...