နိုင်ငံတော်လျို့ဝှက်ချက် နှင့် ကန့်သတ်ချက်မှအပ မီဒီယာများသိရှိလိုသည်ကို ပေါင်းစပ်ပေးမည်ဟု ပဲခူးတိုင်း နယ်/လုံ ဝန်ကြီးပြော

နိုင်ငံတော်လျို့ဝှက်ချက် နှင့် ကန့်သတ်ချက်မှအပ မီဒီယာများသိရှိလိုသည်ကို ပေါင်းစပ်ပေးမည်ဟု ပဲခူးတိုင်း နယ်/လုံ ဝန်ကြီးပြော
by -
မဇ္ဈိမ
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ကန့်သတ်ချက်များမှ အပ မီဒီယာများ သိရှိလိုသည်များကို တတ်အားသရွေ့ ပေါင်းစပ်ပေးမည်ဟု ပဲခူးတိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေးက အောက်တိုဘာ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မီဒီယာလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်သော တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ဌာန ဆိုင်ရာများနှင့် သတင်းမီဒီယာသမားများ၏ မီဒီယာလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၁၄ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီစနစ်တွင် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် မှန်ကန်သည့် သတင်းအချက်အလက် များရရှိရန် လိုအပ်ပြီး မီဒီယာများအနေဖြင့် တဖက်နှင့်တဖက် ဥပဒေနှင့် အညီဖြစ်ရန် နည်းလမ်းများ ပေးစေလိုကြောင်း ဝန်ကြီး ဖိတ်ခေါ်ထားသည်။

''အစိုးရဌာနဆိုင်ရာများကလည်း မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများရဲ့ ကန့်သတ်ချက်များ၊ ညွှန်ကြားချက်များမှအပ မီဒီယာတွေ သိလိုသည်များကို ပေါင်းစပ်ပေး မည်။ မီဒီယာများကလည်း ပြည်သူတွေ သိသင့်သိထိုက်သည်များကို အသိပေးစေလိုပါတယ်။''ဟု လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေးက ပြောသည်။

မီဒီယာများ သတင်းရယူမှုအခက်အခဲ၊ သတင်းရေးသားမှုအပေါ် နောက်ဆက်တွဲ ဖြေရှင်းမှုပြဿနာ၊ သတင်းထုတ်ပြန်ပေးမှုအခြေအနေ၊ သတင်းသမားများ၏ လုံခြံုမှု၊ လွှတ်တော်တွင်း သတင်းရယူရာ တွင် ခွဲခြားဆက်ဆံမှုမရှိစေရန်၊ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို ထုတ်ပြန်ခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သတင်းမီဒီယာများနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...