ကူညီကယ်ဆယ်မှုများ ပြုလုပ်ရန် ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ခရိုင် အုပ်ချုပ်ရေးမှူး လိုက်ပါသွားပြီး မြေပြိုမှု သဘာဝဘေးဒဏ်ခံရ သည့် ဒေသခံများအား အန္တရာယ်ကင်းသည့်နေရာသို့ ပြောင်းရွှေ့ပေးမည့် နေရာကို ရွေးချယ်နေသည်ဟု ဘောလခဲခရိုင် အထွေထွေ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမိုးကျော်က ယနေ့ညနေ ရ နာရီ အချိန်တွင် မဇ္စျိမသို့ ဆက်သွယ်ပြောကြားသည်။
''နောက်ဆုံးသတင်း ရတာက သေဆုံး ၁၆ ဦး၊ ပျောက်ဆုံး ၅ ဦး၊ ဒဏ်ရာရသူ ကလေး ၃ ဦး၊ လူကြီး ၃ ဦးက ဖားဆောင်း ဆေးရုံ မှာပါ။ မြေပြိုမှုဖြစ်တဲ့ တောင်ပေါ် ကျေးရွာက လူတွေကို လုံခြံု ဘေးကင်းတဲ့ နေရာမှာ ထားဖို့ တာဝန်ရှိသူတွေ စီစဉ်နေကြပါတယ်။'' ဟု ပြောသည်။
လွိုင်ကော် ပြည်သူ့ဆေးရုံမှ ဒေါက်တာ ပြည့်ဖြိုးကျော်က မြေပြိုမှုဖြစ်သည့် မော်ချီးဒေသနှင့် သုံးမိုင်ကွာဝေးသည့် လိုခါးလို တိုက်နယ်ဆေးရုံတွင် ၃ ဦး၊ တောင်ပေါ်ဒေသ လမ်းအခက်အခဲကြောင့် လမ်းခရီးတွင် ၅ ဦး သေဆုံးခဲ့ကြောင်း မဇ္စျိမသို့ ပြောကြားသည်။
ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူ ကလည်း မြေပြိုသည့် ဒေသသို့ စည်းရုံးရေး ဆင်းနေသော ကိုယ်စားလှယ် လောင်း ၃ ဦးမှာ ထိုဒေသတွင် ရောက်ရှိနေပြီး ပြန်မလာနိုင်သေးဟု ဆိုသည်။
ရန်ကုန်၊ မန္တလေးမြို့တို့မှ ပရဟိတလုပ်ဆောင်နေသည့် အဖွဲ့များကလည်း လွိုင်ကော် အခြေစိုက် ရွှေလွိုင်ကော်(ကယား) ပရဟိတအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး မော်ချီးဒေသသို့ သွားရောက်ကူညီ လှူဒါန်းမှုများ ပြုလုပ်မည်ဟု ယင်းအဖွဲ့ခေါင်းဆောင် ဦးသန်းစိုးက ပြောကြား သည်။
''ဒီညနေ ၄ နာရီလောက်ထိ အိမ်ခြေ ၈၀ လောက် ပြိုတယ်လို့ သတင်းကြားပါတယ်။ တဖြည်းဖြည်း ပြိုကျနေတဲ့ သဘောရှိတယ်။ ရန်ကုန်နဲ့ မန္တလေးက အဖွဲ့တွေရောက်လာရင် ချက်ခြင်းသွားဖို့ စီစဉ်ထားပါတယ်။ မန္တလေးအဖွဲ့က စောင်နဲ့ ရေသန့် အဓိကယူလာမယ်။ စားစရာတွေကတော့ လွိုင်ကော်မှာပဲ ဝယ်ပြီးသွားလှူကြမယ်။''ဟု ဦးသန်းစိုးက ပြောသည်။
ထိုင်း၊ စင်္ကာပူ၊ ကိုရီးယားနိုင်ငံတို့မှ အလှူရှင်များကလည်း လှူဒါန်းငွေများ ပေးပို့မည်ဖြစ်ပြီး ရွှေလွိုင်ကော်(ကယား) ပရဟိတအဖွဲ့၊ ဖုန်း ၀၈၃-၂၂၁၇၅၊ ၀၉၂၅၄၆၅၃၅၄၄ သို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းမှု ပြုလုပ်နိုင်သည်ဟု ဦးသန်းစိုးက ဆိုသည်။
မြေပြိုမှု သဘာဝဘေးဖြစ်သည့် မော်ချီးဒေသသည် အနီးဆုံး လိုခါးလို တိုက်နယ်ဆေးရုံနှင့် ၃ မိုင်၊ လွိုင်ကော်မြို့နှင့် ၉၆ မိုင်၊ ဘောလခဲမြို့နှင့် ၂၄ မိုင်ခန့်ကွာဝေးသည်။







