နာမည်ပျက်ခဲ့သည့် ကြိုတင်မဲကို ၂၀၁၂ ကြားဖြတ်အတိုင်း အမှားနည်းစေရန် ဆောင်ရွက်မည်ဟု ကော်မရှင်ပြော

နာမည်ပျက်ခဲ့သည့် ကြိုတင်မဲကို ၂၀၁၂ ကြားဖြတ်အတိုင်း အမှားနည်းစေရန် ဆောင်ရွက်မည်ဟု ကော်မရှင်ပြော
by -
မဇ္ဈိမ
မည်သူကမှ အယုံအကြည်မရှိဘဲ နာမည်ပျက်ခဲ့ရသည့် ကြိုတင်မဲနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကဲ့ သို့ အမှားနည်းစေရန် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက နိုင်ငံတကာမှ ရွေးကောက် ပွဲ လေ့လာစောင့်ကြည့်မည့်သူများအား အသိပေးပြောကြားလိုက်သည်။

ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်၌ အောက်တိုဘာ ၁၀ ရက်နေ့ ကျင်းပသည့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့ Asian Network for Free Elections-ANFREL ၏ လုပ်ငန်းစတင်သည့်နေ့ အထူးအစီအစဉ်တွင် ထိုင်း၊ ကမ္ဘောဒီးယာ၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား အစရှိသည့် အာရှနိုင်ငံများမှ လေ့လာသူ ၂၀ ဦးဝန်းကျင်အပါအဝင် အခမ်းအနား တက်ရောက်လာသူများအား အသိပေးခြင်းဖြစ်သည်။

''ကြိုတင်မဲဆိုတာ မြန်မာနိုင်ငံမှာ မဲဆန္ဒရှင်တွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ နိုင်ငံတကာ သံတမန် တွေအားလုံး ဘယ်သူကမှ အယုံအကြည် မရှိကြဘူး။ ၂၀၁၀ တုန်းက ကြိုတင်မဲနဲ့ နာမည်ပျက်ခဲ့ရ တယ်။ အဲ့တုန်းက တပ်မတော်အစိုးရ လက်ထက်လည်း ဖြစ်တယ်။ ကော်မရှင်ကို ဦးသိန်းစိုး ခေါင်းဆောင်ခဲ့တာ။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျတော့ အတိုက်အခံပါတီက အာဏာရ ပါတီထက် ကြိုတင်မဲပိုရခဲ့တယ်။ အဲ့ဒီအချိန်က ဦးသိန်းစိန်လက်ထက်ဖြစ်နေပြီး ကော်မရှင်ကို ဦးတင်အေး ခေါင်းဆောင်လို့ အခြေအနေနဲ့ အချိန်အခါမတူတော့ဘဲ ယုံကြည်လို့ရတယ်။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကြိုတင်မဲကို ၂၀၁၂ က အတိုင်းပဲ ဆောင်ရွက်မယ်''ဟု ၎င်းက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းအား မဇ္စျိမက မေးမြန်းရာ ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲကာလတွင် အမှားအယွင်းလည်း နည်းခဲ့သော်လည်း ၂၀၁၀ ခု ကဲ့သို့ မည်သည့်ပါတီမျှ ကြိုတင်မဲနှင့် အနိုင်ယူသွားခြင်းမရှိဟု ပြန်ဖြေကြားသည်။

''၂၀၁၂ တုန်းက ကြိုတင်မဲနဲ့ အနိုင်ယူသွားတာမျိုး ဘယ်ဖက်ကမှ မရှိခဲ့ဘူး။ အမှားအယွင်းလည်း သိပ်မရှိဘူး။ လုပ်ရတာ နည်းလို့လည်း ဖြစ်နိုင်တယ်။ ၂၀၁၀ တုန်းကကျတော့ ကြံ့ခိုင်ရေးပါတီပဲ ဝင်တဲ့အခါမှာ တခြားယှဉ်ပြိုင်ဖက်လဲ မရှိဘူး။ တော်ရုံတန်ရုံ ဘာမှမကြည့်တော့ဘူး။ မဲပေးခွင့် ပြုခဲ့တာပဲ"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကမှု ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းထားခြင်းကို လိုက်နာရမည်ဖြစ်ပြီး၊ တိတိကျကျ လိုက်နာခြင်း ရှိ/မရှိ ကို အမတ်လောင်းများ၊ ပါတီများနှင့် သက်ဆိုင်ရာများက စောင့်ကြည့်ရမည်ဟု ဆိုသည်။

''ဥပဒေ၊ နည်းဥပဒေအရ မလုပ်ခဲ့ဘူးဆိုရင် ဘယ်သူဖြစ်ဖြစ် ဥပဒေအရ စိန်ခေါ်ရတော့မှာပေါ့။ ၂၀၁၀ တုန်းက ကျွန်တော်တို့ ကြိုတင်မဲ ဒဏ်ခံခဲ့ရတာပဲ။ သင်္ကန်းကျွန်းမှာ ကျွန်တော်က တစ်သောင်းလေးထောင်နဲ့ တက်နိုင်ခဲ့တော့ ကျွန်တော့်ကို သူတို့ လုပ်လို့ မရဘူး။''ဟု ၎င်းက မဇ္စျိမသို့ ဖြေကြားသည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးကိုကိုကမူ ကြိုတင်မဲများကို ရန်ကုန်၌ အောက်တိုဘာ ၁၈ ရက်နေ့ စထုတ်ပေးမည်ဖြစ်ပြီး အချုပ်ကျနေသူများ၊ ဆေးရုံတက်နေသူများ၏ ကြိုတင်မဲပေးခြင်းကို စောင့်ကြည့်လေ့လာသူများ လိုက်ပါကြည့်ရှုနိုင်သည်ဟုလည်း အခမ်းအနား၌ အသိပေးပြောကြားခဲ့သည်။

''အချုပ်ကျနေတဲ့သူတွေ၊ ဆေးရုံတက်နေတဲ့ အတွင်းလူနာတွေကို ဆေးရုံအုပ်ကြီးနဲ့ ညှိနှိုင်းပြီး ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေ ကိုယ်တိုင်သွားကောက်မှာပါ။ အဲ့ဒီအခါ ပါတီ ကိုယ်စားလှယ်တွေ၊ စောင့်ကြည့်လေ့လာသူတွေ လိုက်ကြည့်လို့ ရပါတယ်''ဟု ၎င်းက ရှင်းပြသည်။

ကြိုတင်မဲပေးနိုင်သူများထဲတွင် မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ၊ ကျောင်းသူကျောင်းသား များ၊ သင်တန်းသား များ၊ အချုပ်ခံနေရသူ၊ ဆေးရုံတက်ကုသနေသူများလည်းပါ၀င်ပြီး သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကစီစဉ်ပေးရမည်။

ရွေးကောက်ပွဲကျင်းပသည့်နေတွင် အမည်ပေါက် မဲဆန္ဒနယ်မှကျော်၍ ခရီးသွားရန်လိုအပ်သူအတွက်မူ သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများက စီစဉ်ပေးရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ဥပဒေက ဆိုထားသည်။

အနာကြီးရောဂါစွဲကပ်နေခြင်း၊ ရောဂါပြင်းထန်စွာခံစားနေရခြင်း၊ အသက်ကြီးခြင်း၊ သားဖွားနေခြင်း၊ ရဲအချုပ် သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း၊ အစိုးရဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့အနေနှင့် မဲစာရင်းပါရှိသည့် ဒေသမှကျော်၍ ယာယီတာဝန်ထမ်းနေရခြင်း တို့အတွက်လည်း ရပ်/ကျေးကပင် စီစဉ်ပေးရမည်။

ထို့အပြင် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ကိုယ်တိုင်ရေးသွင်းရန် အခက်ခဲရှိသူများအတွက် ဆန္ဒပြုရမည့်နည်းလမ်းအတွက် နည်းဥပဒေပြဌာန်းပေးရမည်ဟု ဥပဒေ၌ ဖော်ပြထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည့် ရန်ကုန်လူငယ်ကွန်ရက် အဖွဲ့ဥက္ကဋ္ဌ ကိုမိုဃ်းသွေးကမူ ကြိုတင်မဲစာရင်းများကို မှန်မှန်ကန်ကန် ပြုလုပ်နိုင်မှသာ အဆင်ပြေနိုင်မည်ဟု ပြောကြားသည်။

''ကြိုတင်မဲက ၂၀၁၂ မှာတော့ သိပ်မကြားရဘူး ဆိုပေမယ့် အဲ့ဒီခေတ်နဲ့ အခုမတူတော့ဘူး။ ရုံးဝန်ထမ်းတွေ ပြောင်းရွှေ့၊ အတိုး၊ အလျှော့တွေ ရှိတယ်။ ၂၀၁၂ တုန်းက ပြည်ပမထွက်တဲ့သူတွေ အခုပြည်ပရောက်နေတာရှိတယ်။ တပ်ထဲက စာရင်းတွေကို ဘယ်တုန်းကမှ သိခဲ့ရတာမဟုတ်ဘူး။ စောင့်ကြည့်လေ့လာအဖွဲ့တွေ လုပ်နိုင်တာတစ်ခုက ကြိုတင်မဲစာရင်းတွေ မဲရုံမှာ ကပ်ထားမယ်။ ရောက်လာတဲ့စာရင်းနဲ့ ကိုက်ညီမှု ရှိ/မရှိ စောင့်ကြည့်ရမယ်''ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦးကမူ ကြိုတင်မဲကို မဲဆန္ဒနယ်အတွင်းနှင့် ပြင်ပဟူ၍ နှစ်မျိုးခွဲထားပြီး ၂၀၁၅ခု ရွေးကောက်ပွဲတွင် ၁-(၁)၊ ပုံစံ ၁-(၂) ပုံစံ ၁-(၃) ဟူ၍ ဆောင်ရွက်ထားရှိသည်ဟု ပြောသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...