လိပ်ကျွန်းအမှု ဒီဇင်ဘာ ၂၄ရက်တွင် အပြီးသတ်အမိန့်ချမည်

လိပ်ကျွန်းအမှု ဒီဇင်ဘာ ၂၄ရက်တွင် အပြီးသတ်အမိန့်ချမည်
by -
မဇ္ဈိမ
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှု၌ စွဲဆိုဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး၏ အမှုကို လာမည့် ဒီဇင်ဘာလ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမည် ဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ကော့စမွေခရိုင် တရားရုံးတွင် လူသတ်မှုဖြင့် စွတ်စွဲခံထားရသူ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း (ခ) ဝေဖြိုးတို့ နှစ်ဦးအား နောက်ဆုံး စစ်ဆေးခဲ့ပြီးနောက် တစ်လကျော်အကြာတွင် အမိန့်ချမှတ်မည် ဖြစ်သည်။

"၂၄ ရက်၊ ၁၂ လ၊ ၂၀၁၅ မှာ အပြီးသတ် အမိန့်ချမယ်။ ဒီကြားမှာ ဘာရုံးချိန်းမှ မရှိတော့ဘူး။ သူတို့က ဒီအမှုကို သုံးသပ်မယ်။ သုံးသပ်ပြီးတော့ အမှတ် ၈ တရားသူကြီးချုပ်ဆီပို့ပြီး လေ့လာပြီးတော့ သုံးနိုင်ငံရဲ့ အမှုမို့လို့ သေချာလေ့လာပြီးတော့ အမိန့်ချမှာမို့လို့ တလကျော် အချိန်ပေးတာပါ”ဟု မြန်မာသရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

နောက်ဆုံး နှစ်ရက် စစ်ဆေးခဲ့ရာတွင် တရားခံဟု စွတ်စွဲခံထားရသူ ကိုဇော်လင်းကလည်း စက်တင်ဘာ ၂ ရက်နေ့က ထွက်ဆိုချက်အတိုင်း ထိုင်းရဲတပ်ဖွဲ့၏ ဖြောင့်ချက်ယူရာတွင် အသက် အန္တရာယ်ကို ခြိမ်းခြောက်သဖြင့် ဝန်ခံခဲ့ရသည်ဟု ထပ်မံထွက်ဆိုခဲ့သလို ကိုဝင်းဇော်ထွန်း (ခ) ဝေဖြိုးကလည်း ထိုသို့ပင် ထပ်မံထွက်ဆိုခဲ့သည်ဟု သူက ပြောသည်။

“ဝေဖြိုးရဲ့ ပြန်လည်ချေပအစစ်ခံချက်မှာတော့ သူ့ကို နှိပ်စက်ညှင်းပန်းတယ်။ ဆူရတ်ဌာနီ ရဲစခန်းထဲမှာ တကိုယ်လုံုး အကျႌချွတ်ပြီး အအေးခန်းထဲမှာ ထားတယ်။ ပြီးတဲ့အခါ သူ့ကို ရဲက လက်ထိပ်နောက်ပြန် ခတ်ပြီးတော့ သူ့ရဲ့ တန်ဆာကို လက်နဲ့ သုံး၊ လေး၊ ငါးခါ တောက်တယ်။ သူက နာလို့ ရှောင်တိမ်းပေမဲ့ လည်း နောက်ဆုံး စအိုမှာ တောက်တယ်ဆိုတာပါ ထွက်ဆိုပေးပါတယ်။ အဲဒီ ရဲက ဓါတ်ပုံမှာလည်း ပါတယ်။ သူက ဘယ်ရဲလည်းဆိုတာ လက်နဲ့ ထောက်ပြပါတယ်”ဟုု သူက ပြောသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နှင့် ၂၄ ရက် အောက်တိုဘာလတို့တွင် နှစ်ကြိမ် အသနားခံစာ တင်ပြခဲ့ရာ ပထမအကြိမ်တွင် အသနားခံစာတင်ရာတွင် အကြောက်တရားဖြင့် တင်ခဲ့ရသဖြင့် ပြည့်စုံမှု မရှိဘဲ မိဘများ ရောက်ရှိလာပြီး နောက်တစ်ကြိမ် အသနားခံစာ ထပ်တင်ခဲ့ခြင်းသည်ဟုုလည်း ထွက်ဆိုခဲ့သည်ဟု သူက ပြောသည်။

ထုုိင်းရဲတပ်ဖွဲ့က တရားလို ပြုလုုပ်၍ တရားလုုိပြသက်သေ ၆၅ ဦးတင်ပြထားရာမှ ၃၆ ဦးကို စစ်ဆေးရာ တွင်လည်း ၎င်းလူသတ်မှုတွင် ကျူးလွန်ကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ မရှိသေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောဆိုထားသည်။

တရားခံဟု စွတ်စွဲခံထားရသူ မြန်မာရွေ့ပြောင်းအလုပ်သမားများဘက်မှ တရားခံပြသက်သေ ၃၁ ဦး တင်သွင်းခဲ့ရာမှ သူတို့နှစ်ဦး အပါအဝင် ၁၆ ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံး ရုံးချိန်း နှစ်ရက်သာ တရားခံများ ထွက်ဆုုိချက်သည် ရာနှုန်းပြည့် ကောင်းမွန်သည်ဟု အမှု စစ်ဆေးချက်အရ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးသည် ထိုအမှုတွင် အပြစ်မရှိကြောင်း ပေါ်လွင်နေ သလုုိ၊ ထုုိင်းတရားဥပဒေအရ တရားမျှတမည်ဆုုိပါက သူတိုု့နှစ်ဦးမှာ တရားသေလွတ်မြောက်လိမ့် မည်ဟု ယုံကြည်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“မြန်မာပြည်မှာလည်း နှစ် ၃၀ လောက် လုပ်ခဲ့တယ်၊ မြန်မာသံအမတ်နဲ့ ဥပဒေအကြံပေးအနေနဲ့ ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်မုုိ့ အမှုတွဲတွေက အစအဆုံး လေ့လာစစ်ချက်အရ စစ်ဆေးမယ်။ ထိုင်းဥပဒေအရ ဒီကလေးတွေဟာ တရားသေ လွတ်လိမ့်မယ်လို့ အမှုသဘောအရ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ထိုင်းမှာနေတာ ၁၅ နှစ်လောက်ရှိပါပြီ။ ထိုင်းတရားခွင်တွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒီတော့ ထိုင်းတရားရေးအဖွဲ့ရဲ့ ညွန်ကြားမှုဟာ တရားမျှတမှု မှန်ကန်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့် အဲဒီလို ယုံုကြည်တဲ့အတိုင်း စစ်ဆေးပေးနိုင်တယ်ရင်တော့ ဒီကလေးတွေဟာ တရားသေလွတ်လိမ့်မယ်လို့ မြင်ပါတယ်”ဟု သူက ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာဝီသာရစ်ချ်တုုိ့ အသတ်ခံရမှုတွင် ဇော်လင်းနှင့် ဝင်းဇော်ထွန်း (ခ) ဝေဖြိုးတိုု့ နှစ်ဦးကို ဖမ်းဆီး၍ ကော့စမွေ အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရပြီး လူသတ်မှု၊ အဓမ္မမှု၊ ခုုိးမှုတုုိ့ အပါအဝင် အမှု ရ မှုဖြင့် ထုုိင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားသဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...