ချင်းပြည်နယ်တွင် နေအိမ်ပြန်လည်တည်ဆောက်ရေး အဓိကလိုနေပြီး အစိုးရတာဝန်ယူရန် တိုက်တွန်း

ချင်းပြည်နယ်တွင် နေအိမ်ပြန်လည်တည်ဆောက်ရေး အဓိကလိုနေပြီး အစိုးရတာဝန်ယူရန် တိုက်တွန်း
by -
မဇ္ဈိမ
ချင်းပြည်နယ်တွင် ရေကြီးမြေပြိုမှုများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးသွားသဖြင့် နေအိမ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အဓိကလိုအပ်နေပြီး အစိုးရအနေဖြင့် အဓိက တာဝန်ယူရမည့်နေရာတွင် ရှိနေကြောင်း ချင်းပြည်နယ် ကန်ပက်လက်မြို့မှ ခေါနုသုန်ကျေးလက် ဖွံ့ဖြိုးရေးအဖွဲ့က တိုက်တွန်းလိုက်သည်။

"ပြန်လည်တည်ဆောက်ရေးအပိုင်းပေါ့ အခုလောလောဆယ်မှာ အချို့ရွာတွေက ၃၊ ၄အိမ်လောက် ပါသွားတယ်။ တစ်ရွာလုံးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် နောက်တစ်ခေါက်ထပ်ဖြစ်လို့ရှိရင်တော့ ဒီရွာတစ်ရွာလုံး ပါသွားမယ်။ အဲ့လိုအခြေအနေတွေရှိတယ် ရွာတွေက ပြောင်းရမှာ တချို့အိမ်အသစ် တွေပေါ့ ရွာရွေ့ပြောင်းစရိတ်ပေါ့ အဓိက အဲ့ဒီ့ကုန်ကျစရိတ်က အခက်အခဲဖြစ်နေ တာပေါ့။ ပြောင်းဖို့ ပြဿနာကြီးကရှိနေတာ"ဟု ချင်းပြည်နယ်ရေးဘေးတွင် ပါဝင်ဆောင်ရွက်နေသည့် ခေါနုသုန် ကျေးလက်ဖွ့ံဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ် ကိုလိန်းထန်းက ပြောသည်။

၎င်းက ဆက်လက်၍ "ကျွန်တော်တို့ သိထားတာတော့ အလှူရှင်တွေဆီက လာတဲ့ဟာတွေက ဒေသခံအန်ဂျီအိုတွေထက် အစိုးရဆီကိုပဲ လာတာပိုများတယ်။ အဲ့ဒိလို ဖြစ်တဲ့အတွက် ပြန်လည် တည်ဆောက်ရေး အပိုင်းကိုက အစိုးရက လုပ်မှပဲရမယ်လို့ ထောက်ပံ့နိုင်တဲ့ အခြေနေဖြစ်တယ်လို့ ထင်တယ်"ဟု ဆိုသည်။

ချင်းပြည်နယ်တွင် ရေဘေး၏ နောက်ဆက်တွဲအဖြစ် ကန်ပြိုခြင်းများဆက်လက်ဖြစ်ပေါ်ခဲ့ပြီး နောက်တစ်ကြိမ်မိုးကြီးခြင်း၊ မြေပြိုခြင်း များ ဖြစ်ပေါ်လာပါက အချို့သောရွာများသည် အန္တရာယ်ရှိ လာနိုင်သည့်အတွက် ရွာလုံးကျွတ်ပြောင်းရွေ့ရန် လိုအပ်နေသောရွာများ ရှိကြောင်းလည်း သိရသည်။

သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး တာဝန်ယူရသော အစိုးရဌာနဖြစ်သည့် လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြီးခဲ့သောရေဘေးတွင် ရေဘေးသင့်ဒေသအဖြစ် ကြေညာခဲ့သော ပြည်နယ်နှင့်တိုင်း၁၂ခုသို့ ထောက်ပံ့မှုများကို ကျပ်သန်းပေါင်း ၈၅၃ သန်း အကုန်ကျခံခဲ့ပြီးဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ လက်ထောက် ဒါရိုက်တာ ဒေါ်စုစုထွန်းက ပြောသည်။

၎င်းက အောက်တိုဘာ ၈ရက်တွင် ရန်ကုန်မြို့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်လျော့ပါးရေးနေ့ (IDDR) အတွက် "ဘေးအန္တရာယ်အသိကြွယ်၊ ဘဝများစွာ ကာကွယ်မယ်" ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

ယခုထောက်ပံ့မှုများတွင် စားနပ်ရိက္ခာအပါအဝင် ဆောက်လုပ်ရေး၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများအထိ ပါဝင်သည်။

"ရေဘေးသင့်ဒေသများ ပေါငး်စပ်ညှိနှိုင်းရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီဆိုပြီး ဖွဲ့စည်းထားတာ ရှိပါတယ်။ အဲ့ဒီ့လုပ်ငန်းကော်မတီရဲ့ ဥက္ကဋ္ဌက ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြန်လည််တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီးတော့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်"ဟု ဒေါ်စုစုထွန်းက ဆက်လက်ပြောသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...