အပစ်ရပ်စာချုပ်မချုပ်မီ ထိုးစစ်ဆင်နေခြင်းက လက်မှတ်မထိုးသေးသည့်အဖွဲ့များကို ခြိမ်းခြောက်ရာရောက်ဟု UNFCပြော

အပစ်ရပ်စာချုပ်မချုပ်မီ ထိုးစစ်ဆင်နေခြင်းက လက်မှတ်မထိုးသေးသည့်အဖွဲ့များကို ခြိမ်းခြောက်ရာရောက်ဟု UNFCပြော
by -
မဇ္ဈိမ
တစ်နုုိင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထုုိးခါနီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရ၏ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် လက်မှတ်မထိုးသေး သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးခြင်းဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ပြောဆိုလိုက်သည်။

NCA ကို အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်မရှိသဖြင့် လက်မှတ်မရေးထိုးနိုင်သေးသည့် အဖွဲ့အစည်းများ အား ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းသည် လက်မှတ် ရေးထုုိးရန် ဖိအားပေးခြင်းသဘောဆောင်နေပြီး နှစ်ပေါင်း ရ၀ နီးပါး အင်အားသုံုး ဖိအားပေးဖြေရှင်း၍ မရနိုင်သည့် နည်းနာကို တဖန်ပြန်၍ အသက်သွင်းနေခြင်းဖြစ်သည်ဟု အောက်တိုဘာ ၁၀ ရက်နေ့တွင် UNFC က သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“အခုတလောမှာ တဖက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးဖို့ ပြင်နေတယ်။ တဖက်က ကချင်၊ ပလောင်နဲ့ ရှမ်းဘက်မှာ ထိုးစစ်တွေ လုပ်နေတယ်။ ကရင်ဘက်ကိုလည်း တပ်မဟာ ၅ ဘက်မှာလည်း ထုုိးစစ်တွေ ပြင်နေတယ်လုုိ့ ကြားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ သံသယရှိတယ်။ ဒီလုပ်ငန်းနှစ်ရပ် ဘယ်လိုလဲ ကျွန်တော်တို့ ထောက်ပြသလို မီးစတဖက် ရေမှုတ်တဖက်ဖြစ်နေတယ်။ အဲဒီအပေါ်မှာ တကယ် စိတ်ဓတ်အမှန်က မရိုးသားဘူးလုုိ့ ထောက်ပြချင်လုုိ့ပါ”ဟုု UNFC ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက မဇ္ဈိမသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ဌာနချုပ် ဝမ်ဟိုင်းအထိ တိုက်ခိုက်မည်ဟု ကြွေးကြော်ပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုလည်း ထုုိးစစ်ဆင် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်နေခြင်းနှင့် ကရင်ပြည်နယ် ဒေသအချို့တွင်လည်း အစိုးရစစ်တပ်က ထိုးစစ်တိုက်ခိုက်နေမှုအပေါ် ရိုးသားမှု မရှိကြောင်း သူက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ နိုင်ငံရေပြဿနာကုုိ အေးချမ်းစွာ တွေ့ဆုံဖြေရှင်းမည်ဟု သမ္မတနှင့် အစုုိးရ အဖွဲ့ဝင်များက ကြွေးကြော်၍ လှုပ်ရှားပြနေသော်လည်း မြန်မာ့တပ်မတော်က စစ်ရေးကို အရှိန်မြင့်၍ တိုက်ခိုက်လာခြင်းသည် “မီးစတဘက် ရေမှုတ်တဘက် ပြည်သူများကုုိ မျက့်စေ့လည်အောင်လှည့်စားနေသည့် နည်းဗျူဟာကုုိ ကျင့်သုံုးနေသည်မှာ ငြိမ်းချမ်းရေးကုုိ အစစ်အမှန် လိုလာသော အစုုိးရ မဟုတ်ကြောင်း သက်သေပြလာခြင်း ဖြစ်သည်ဟုု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၏ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ နိုင်ငံရေးအရ ပြေလည်အောင် ညှိနှိုင်းဆွေးနွေးနေချိန်တွင် တစ်ဖက်မှ ကာကွယ်ရေးဦးစီးချုပ် ဗုုိလ်ချုပ်မင်းအောင်လှိုင်တို့က စစ်ရေး တိုးချဲ့၍ တအချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေများသို့ ထိုးစစ်ဆင် တုုိက်ခုုိက်နေခြင်းကို ယင်းသုုိ့ ပြောလုုိခြင်းဖြစ်သည်ဟုု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲ နီးလာသဖြင့် တုုိင်းရင်းားဒေသများတွင် စစ်ရေးအရ ဖြေရှင်းပြီး ရွေးကောက်ပွဲ ကျင်းပမည့် ရက်ရွှေ့ဆုုိင်းခြင်း သုုိ့မဟုုတ် နယ်မြေမတည်ငြိမ်ဟုု သတ်မှတ်ကာ မဲပေးခွင့်မရှိစေရန် ဖန်တီး၍ အနုုိင်ယူရန် ကြံဆောင်နေခြင်းလားဟုု စဉ်းစားစရာ ဖြစ်စေသည်ဟုုလည်း ဆုုိထားသည်။

“သမ္မတ ဦးသိန်းစိန်ပြောသလုုိပေါ့။ ရွေးကောက်ပွဲကို နောက်ဆုတ်ချင်လုုိ့ အဲဒီလို လုပ်တာလား။ အနည်းဆုံုး ကျနော်တို့ မြင်တာက တချို့တိုင်းရင်းသားတွေရဲ့ နယ်မှာ တိုက်ပွဲတွေ ဖြစ်နေရင် အဲဒီ ဒေသကို နယ်မြေမတည်ငြိမ်ဘူးဆိုပြီးတော့ လူထုတွေ မဲမပေးနိုင်အောင် လုုပ်တဲ့သဘော။ ဒါဆိုရင် တိုင်းရင်းသား ကုုိယ်စားလှယ်တွေအတွက််က မဲရဖုုိ့ နည်းသွားမယ်။ အနည်းဆုံုး အဲဒါတွေ ဖြစ်နုုိင်တယ် အမျိုးမျိုးပေ့ါလေ။ သူတိုု့ဘာကုုိ ဦးတည်နေမှန်းတော့ မပြောနုုိင်ဘူးပေါ့။ ဒါပေမဲ့ တွက်ကြည့်မယ်ဆုုိရင် ခဲတလုံုးထဲနဲ့ ငှက် နှစ်ကောင်သုံုးကောင်ကို ပစ်တဲ့ သဘောမျိုးပေါ့လေ”ဟု နိုင်ဟံသာက ပြောသည်။

ထုုိ့အပြင် အစုုိးရ၏ သဘောထား မမှန်ကန်မှုကုုိ သိရှိစေရန် ရည်ရွယ်၍ မကြာမီ လက်မှတ်ရေးထုုိးမည့် အဖွဲ့အစည်း ၈ဖွဲ့၊ မြန်မာပြည်သူများနှင့် နုုိင်ငံတကာ သိရှိစေရန် ၎င်းတို့၏ သဘောထား ထုုတ်ပြန်လုုိက်ခြင်းဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။

ထုုိသုုိ့ လုုပ်ဆောင်လာခြင်းသည် စုစည်းနေသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကို ခွဲ၍ ချေမှုန်းရန် ကြံစည်သည့် လုပ်ရန်ဟု UNFC က သံသယရှိခဲ့သည့်အတိုင်း လက်ရှိ လက်မှတ် မထိုးသည့် အဖွဲ့အစည်းများအား တုုိက်ခုုိက်လာနေခြင်းက အစိုးရ၏ အတွင်းသဘောထားကုုိ ဖော်ပြလာနေသည်ဟုု ပြောဆုုိထားသည်။

NCA ကုုိ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အဆင့်မြင့်ညှိနှိုင်းရေး ကုုိယ်စားလှယ်အဖွဲ့ (SD)တိုု့နှင့် အချိန်ယူ ဆွေးနွေးခဲ့သော်လည်း နောက်ဆုံးတွင် တစ်ဖွဲ့ချင်းစီဖိတ်၍ လက်မှတ်ရေးထုုိးစေရန် ကြံစည်လုပ်ဆောင်လာခြင်းသည်လည်း အပြောနှင့်အလုုပ်မကုုိက်ညီသော လက္ခဏာကုုိ ဖော်ထုုတ်ပြသနေသည်ဟုု ဆုုိသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံုး(KNU)၊ ဒီမုုိကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနုုိင်ငံလုံုး ဆုုိင်ရာ ကျောင်းသားများ ဒီမုုိကရက် တစ်တပ်ဦး (ABSDF)၊ ပအုုိဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခုုိင်လွတ်မြောက် ရေး ပါတီ(ALP)တုုိ့ ၈ဖွဲ့က လာမည့် အောက်တုုိဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထုုိးရန် သဘောတူညီထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းတုုိးတက်ရေးပါတီ(SSPP/SSA)၊ မွန်ပြည်တစ်ပါတီ(NMSP)၊ နာဂအမျုုိုးသား ဆုုိရှယ်လစ် ကောင်စီ(NSCN-K)၊ ကရင်နီ အမျိုးသား တုုိးတက်ရေးပါတီ(KNPP)၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP)၊ တအာင်း(ပလောင်) ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရက္ခိုင် တပ်မတော် (AA)၊ ရခုုိင်အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမုုိကရက်တစ် အစည်းအရုံုး(LDU)၊ ဝ အမျိုးသားအဖွဲ့(WNO) စသည့် အဖွဲ့ အစည်း ၁၀ ဖွဲ့ကမူ အားလုံုး ပါဝင်ခြင်း မရှိသဖြင့် NCA လက်မှတ်ရေးထုုိးခြင်း မရှိသေးပေ။

တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC က လက်ရှိ ဦးသိန်းစိန် အစုုိးရက လာမည့် အောက်တုုိဘာလ ၁၅ ရက်တွင် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် နေပြည်တော်တွင် NCA လက်မှတ်ရေး ထုုိးပွဲ ကျင်းပရန် စီစဉ်နေချိန်တွင် ၎င်းတို့၏ တပ်ပေါင်းစုု အဖွဲ့ဝင်တစ်ချို့ဒေသများတွင် အစိုးရ စစ်တပ်မှ ထုုိးစစ်ဆင် တိုက်ခိုက်နေသဖြင့် အစုုိးရ၏ လုပ်ဆောင်မှုအပေါ် သဘောထားထုုတ်ပြန်လုုိက်ခြင်း ဖြစ်သည်။

UNFC Stmt on Bur Army attacks in ShanKachin 10Oct15 Page 1

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...