ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ဗိုလ်ချုပ် ဂွမ်မော်ဟု ရာထူးများ မတပ်ရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး ညွှန်ကြား

ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ဗိုလ်ချုပ် ဂွမ်မော်ဟု ရာထူးများ မတပ်ရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး ညွှန်ကြား
by -
မဇ္ဈိမ
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့စည်းများမှ ခေါင်းဆောင်များ၏ အမည်နာမရှေ့တွင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ဗိုလ်ချုပ် ဂွမ်မော်ဟု ရာထူးတပ် မသုံးကြရန် မီဒီယာများသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ညွှန်ကြားလာကြောင်း ဧရာဝတီတိုင်း အစိုးရ က အောက်တိုဘာ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဧရာဝတီတိုင်း ဦးစီးဌာနမှူး (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန) မှ ဧရာဝတီတိုင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးဇော်တင့်ထံ လိပ်မူပေးပို့သည့်စာတွင် “ဧရာဝတီတိုင်း အစိုးရက တိုင်းရင်းသားလက်နက်ကိုင်များ သတ်မှတ်ထားသော ရာထူး အဆင့်များ (ဥပမာ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ဗိုလ်ချုပ် ဂွမ်မော်) စသည်ဖြင့် သုံးနှုန်း ခေါ်ဝေါ်ခြင်း မရှိစေရေး ထိန်းသိမ်း ကြပ်မတ် ပေးရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ အထက်ရည်ညွှန်းပါ စာဖြင့် ညွှန်ကြားလာမှုနှင့် စပ်လျဉ်းပြီး သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန်”ဟု ဖေါ်ပြပါရှိသည်။

မဇ္ဈိမက ရရှိထားသည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ထွန်းကျော်ကျော် လက်မှတ်ရေးထိုးသော တိုင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ ပေးပို့သည့် ညွှန်ကြားချက်တွင်လည်း “၎င်းတို့ သတ်မှတ်ထားသော ရာထူးအဆင့်များအား ဖေါ်ပြခြင်းမပြုဘဲ အဖွဲ့တာဝန်ခံ (သို့မဟုတ်) ခေါင်းဆောင်ဟုသာ သုံးနှုန်းရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ညွှန်ကြားထားကြောင်း”ဟု ဖေါ်ပြထားသည်။

ထိုသို့ ကန့်သတ်မှုများနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းအတွင်းမှ သတင်းထောက်များကမူ “အခုလို ထုတ်ပြန်တာ သတင်းသမားတွေ အပေါ် ထိန်းချုပ်မှုဖြစ်တယ်။ ကျွန်တော်တို့ လက်မခံဘူး”ဟု မြန်မာ့သံတော်ဆင့် လက်ထောက် အယ်ဒီတာ ဦးရဲရင့်ထွန်းက ပြောသည်။

“မီဒီယာ ဖြစ်ဆိုတာနဲ့ လိုက်နာရမယ် ကျင့်ဝတ်တွေ စည်းမျဉ်းတွေရှိပြီးသားပါ။ အခု ထပ်ပြီး ထုတ်ပြန်တာ မီဒီယာကို ထိန်းချုပ်ဖို့ လုပ်ဆောင်တယ်လို့ မြင်တယ်”ဟုလည်း Eleven Media ၏ ဟင်္သာတမြို့ခံ သတင်းထောက် ကိုအောင်ကျော်မျိုးက ပြောသည်။

“မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ် ခံနေရချိန်မှာ အခုလို အစိုးရ ထုတ်ပြန်ချက်ဟာ ထိန်းချုပ်မှုပဲ”ဟုလည်း DVB သတင်းထောက် ကိုသော်ဇင်မျိုးက ပြောဆိုခဲ့သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...