NDF ပါတီ နေပြည်တော်မှ မဲဆွယ်စည်းရုံးရေး စလုပ်ပြီ

NDF ပါတီ နေပြည်တော်မှ မဲဆွယ်စည်းရုံးရေး စလုပ်ပြီ
by -
မဇ္ဈိမ
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)ပါတီက မဲဆွယ်စည်းရုံးခွင့် ရရှိပြီး တစ်လအကြာ အောက်တိုဘာ ၈ရက်နေ့တွင် နေပြည်တော် လယ်ဝေးမြို့နယ်၌ စည်းရုံးရေးဆင်းခဲ့သည်။ တောင်သူများ၏အခက်အခဲလိုအပ်ချက်များကို ပြည်သူတစ်ဦးအနေနဲ့ တောင်းဆို၍ မဖြစ်နိုင်ခြင်း ကြောင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိင်ရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ အမျိုးသမီးအမတ်လောင်း ဒေါ်စုရည်ဖြိုးအောင်(ခ) မီးမီးက မဲဆွယ်စည်းရုံးခဲ့သည်။

“အဓိကတော့ တောင်သူလယ်သမားသားသမီးဖြစ်တဲ့အတွက် တောင်သူလယ်သမားအကျိုး ဒါတွေကို တင်သွင်းချင်လို့ ဝင်ရောက်ယှဉ်ပြိုင်တာ ဦးတည်ချက်က မီးမီးမှာ ဒါပဲရှိတယ်” ဟု ၎င်းက အောက်တိုဘာ ၈ရက်က လယ်ဝေးမြို့တွင် မဲဆွယ်စည်းရုံးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ရွေးကောက်ပွဲတွင် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် အမျိုးသမီးအမတ်လောင်း ဒေါ်စုရည်ဖြိုးအောင်က ၎င်းအပါဝင် ကိုယ်စားလှယ်လောင်း (၅)ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် မနိုင်ပါကလည်း တောင်သူများ ဘက်မှနေ၍ အခွင့်အရေးများကို တောင်းဆိုပေးသွားမည်ဟု ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် စက်တင်ဘာ ၈ရက်ကစတင်ကာ မဲဆွယ်စည်းရုံးခွင့် ပြုထားသော်လည်း NDF ပါတီအနေဖြင့် ငွေကြေးအပါအဝင် အခက်အခဲအချို့ရှိ၍ ယနေ့မှသာ စည်းရုံးရေးဆင်းခဲ့ခြင်းဖြစ်သည်။ NDFက နေပြည်တော်တွင် ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များတွင် တစ်အိမ်တက်ဆင်းစည်းရုံးမှုသာ ပြုခဲ့သည်။

ဒေါ်စုရည်ဖြိုးအောင်(ခ) မီးမီးအနေဖြင့် ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်၍ ပြည်သူတစ်ယောက်၏ လွတ်လပ်စွာရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ လိုလားကြောင်း၊ တောင်းသူများ၏ လိုအပ်ချက်များ၊ နစ်နာမှုများကို ကိုယ်တိုင် ဇွဲ၊ သတ္တိဖြင့် ပါဝင်ကြိုးစားဆောင်ရွက်လိုသည့် ဆန္ဒကြောင့်လည်း ရွေးကောက်ပွဲသို့ ဝင်ပြိုင်ရခြင်းဖြစ်ကြောင်းလည်း မဲဆန္ဒရှင်များကို ကြေငြာကာ မဲဆွယ်ခဲ့သေးသည်။

NDF ပါတီသည် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြှားခြင်းဆိုင်ရာ ဥပဒေ(၄)ရပ်ကို လွှတ်တော်ထဲ တွင် ပြတ်သွားစွာ ဆွေးနွေးတင်ပြခဲ့ကြောင်းနှင့် လွှတ်တော်၌ အဆို ဒုတိယအများဆုံး တင်သွင်းနိုင် ခဲ့ခြင်းတို့ကြောင့် သူမအနေဖြင့် NDFကို လေးစားသဘောကျ၍ NDF ပါတီကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

“ဒီပါတီက အမျိုးသားရေးနဲ့ ပြည်သူ့အကျိုးကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့ကျကျ ဆောင်ရွက်သွား တယ်ဆိုတာ သမီးလေ့လာရသလောက် သိရှိရတယ်။ အဲ့တော့ ဘာကြောင့်လဲဆိုတော့ ဒီပါတီက ငါးယေက်ပဲရှိတယ်လေ။ ငါယောက်ထဲနဲ့ ဒုတိယအဆိုအများဆုံး တင်သွင်းနိုင်ခဲ့တယ်ဆိုတော့ လေးစားသဘောကျလို့ ဒီပါတီက ဝင်ဖြစ်တာရှင့်” ဟု ဒေါ်စုရည်ဖြိုးအောင်က ပြောသည်။

ဒေသအကျိုးအတွက် ယခုကဲ့သို့ ကိုယ်စားလှယ်လောင်းအဖြစ် အများရှေ့ ထွက်ရပ်ခြင်းသည်  ဒေသ၏ လိုအပ်ချက်များကို ကိုယ်ကိုယ်တိုင်သိ၍  လွှတ်တော်တွင်း မှတောင်းဆိုပေးခြင်သောကြောင်း လည်းဖြစ်ကြောင်း ဒေါ်စုရည်ဖြိုးအောင်က ဆိုသည်။

လယ်ဝေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်စုရည်ဖြိုးအောင်(ခ) မီးမီး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဇင်ယော်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးမောင်မောင်သောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမျိုးဇော်ဦး၊ တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးမြင့်ဆွေတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း NDF ပါတီမှ ငါးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး  လက်ရှိ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ၂၀၁၀ ခုနှစ်တွင် နေပြည်တော်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ၁၆ နေရာအနိုင်ရရှိခဲ့သည်။ နို၀င်ဘာလ ၈ ရက်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် ကိုယ်စားလှယ်လောင်း ၂၇၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...