“ပြည်သူ့အကျိုးကို မပြုတဲ့ ကိုယ်စားလှယ်တွေဆိုရင် ကျွန်မတို့ကိုယ်တိုင် ပထမဦးဆုံး အရေးယူမှာပါ။ ပြည်သူလူထု လက်ညှိုးထိုးဖို့ မစောင့်ပါဘူးလို့ ကျွန်မပြောပါရစေ”ဟု မိုးမောက်မြို့ရှိ လောက မာရဇိန် ဘုရားပရဝဏ်အတွင်း ပြုလုပ်သည့် ဟောပြော တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
အမတ်လောင်းဦးရေ ၁၁၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အမတ်လောင်းများကို ထိန်းကျောင်း တည့်မတ်သွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အာမခံ ပြောဆိုသည်။ “ကိုယ်စားလှယ် လောင်းတွေကို ကြည့်မနေပါနဲ့၊ ပါတီတံဆိပ်ကိုပဲ ကြည့်ပြီး မဲပေးပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေကို ကျွန်မတို့ ထိန်းသွားပါ့မယ်လို့ အာမခံပါတယ်”ဟု သူက ဆိုသည်။
အောက်တိုဘာ ၃ရက်က မိုးညှင်းသို့ ရောက်ရှိစဉ်ကလည်း အဂတိကင်းစင်သည့် အစိုးရတစ်ရပ် ထူထောင်မည်ဟု သဓ္ဓိဌာန်ချထားပြီးဖြစ် သည့်တွက် ရွေးကောက်ပွဲအနိုင်ရပြီးနောက် နေ့ချင်း၊ ညချင်း ချမ်းသာလာပါက ဒုက္ခရောက်မည့်သူများဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သည်။
“ကျွန်မတို့အဖွဲ့ချုပ်ဝင်တွေဟာ အစိုးရဖြစ်လာမှ ချမ်းသာလာမယ်၊ အိမ်တစ်လုံးကနေ နေ့ချင်းညချင်း အိမ်ဆယ်လုံးဖြစ်လာမယ် ဆိုရင်တော့ ဒုက္ခရောက်မယ့်သူတွေပဲဆိုတာ သတ်မှတ်လို့ရပါတယ်”ဟု ပြောခဲ့သည်။ “ပြည်သူတွေက ဆင်းရဲနေပြီးတော့ ကျွန်မတို့အဖွဲ့ချုပ်က ချမ်းသာနေလို့ရှိရင် ကျွန်မတို့ဟာ အင်မတန်မှ သိက္ခာမဲ့တဲ့ အဖွဲ့တစ်ခု ဖြစ်သွားပါလိမ့်မယ်”ဟုလည်း မိုးညှင်းမြို့တွင် ပြောဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သူ၏ ပါတီဝင်အမတ်လောင်းများကို ပိုင်ဆိုင်မှုစာရင်း ပြုစုထားသည့် ပါတီတစ်ခုဖြစ်သည်။







