“လူထုတွေက မဲတွေ ဟိုဘက်ထည့်လိုက်ဒီဘက်ထည့်လိုက်နဲ့ ဆိုမဲက ပြန့်သွားမယ်။ အဲဒီမှာ ဦးအောင်မင်းက သူ့တပ်ရှိတယ်လေ။ သူ့တပ်နဲ့ သူ့အစိုးရ။ သူ့ကို ထောက်ခံတဲ့အဖွဲ့ရှိရင် ထွေအုပ်ချုပ်ရေးအဖွဲ့တွေရှိရင် ရုံးဝန်ထမ်းတွေရှိရင် အဲဒါတွေကိုသူ စည်းရုံးသွားမှာပဲ။”ဟု ခူညေးရယ်က ပြောသည်။
စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့တွင် လွိုင်ကော်မြို့ ရဟန်းဖြစ်သင်ကျောင်း၌ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားစဉ်ပြောသွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလပထမအပတ်အတွင်းတွင် ဦးအောင်မင်းသည် ရှားတောမြို့သို့ သွားရောက်ခဲ့စဉ်တွင် မိမိသည် ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် နိုင်ငံရေး သိက္ခမကျစေလိုသည့်အတွက်ဖြစ်ကြောင်း မည်သို့ပင်ဖြစ်စေ ဝန်ကြီးတစ်နေရာတွင် ရရှိထားပြီး ဖြစ်ကြောင်း KNPP အဖွဲ့ခေါင်းဆောင်များနှင့် ပြောဆိုခဲ့သည်ဟု ခူညေးရယ်က ပြောသည်။
နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်း ပြည်ထောင်စု ဝန်ကြီးများ လာရောက်ယှဉ်ပြိုင်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားပါတီများကလည်း ၎င်းဆွေးနွေးပွဲတွင် တက်ရောက်လာကြ သည့် ဒေသခံတိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆိုဆွေးနွေးသွားကြသည်။
လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဒီးမော့ဆိုမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ တွင် ဝင်ရွေးမည့် ဦးမီရယ် ရဲအောင်က “ပြည်ထောင်စုဝန်ကြီးတွေက မဲဆွယ်ကာလမတိုင်ခင်ကတည်း ဒလောဟော ပစ္စည်းတွေ ဝင်ရောက်ပီးတော့ ပေးနေတာတွေ လုပ်နေတယ်။ တပ်တွေကလည်းများနေတယ်။ အဲဒီမှာ မဲပေးမယ့် တစ်နေ့တစ်ချိန်ကျရင် တပ်ထဲကမဲစာရင်းတွေက အဲဒီမဲတွေ ဘယ်ရောက်မလဲဆိုတာတွေ ကျနော်တို့ သိသိကျကျ သိဖို့ လိုတယ်။ အဲဒီအပိုင်းတွေက စိုးရိမ်စရာတွေဖြစ်လာတယ်။”ဟု ပြောသည်။
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းသည် ဘောလခဲမြို့နယ်တွင် ဝန်ထမ်းများအား စကိုင်းနက် စလောင်း ပေးခြင်း၊ ဆယ်တန်းအောင်ကလေး များကို ဆုငွေများပေးအပ်ခြင်း၊ ဆိုလာမီးပြားများ ပေးခြင်းအပေါ် ငွေလုံးငွေရင်းဖြင့် ဝင်ရောက်လာသည့်အတွက်ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲမဲထည့်မည့်ပြည်သူများအနေဖြင့် ဒေသခံပုဂ္ဂိုလ်များထဲမှ အမှန်တကယ် လူထုအတွက် အကျိုးပြုစေနိုင်သည့်သူများကို မဲထည့်ကြစေလိုသည်ဟု KNPP မှ ခူညေးရယ်က ဆက်ပြောသွားပါသည်။
ရှားတောမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နေရာတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ ဘောလခဲမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်ဖြစ်သည်။







