စစ်အုပ်စုတပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ညီလာခံမှ ပါတီထိပ်ပိုင်း ရာထူးများကို လူဟောင်းများကပင် နေရာပြန်လည်ရရှိခဲ့ကြပြီး အာဏာသိမ်းမှုကို ဦးဆောင်သူ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်လည်း ပါတီဝင် ဖြစ်လာသည်။
အပိုင်းလိုက် ရွေးကောက်ပွဲမှ အာဏာရလာသည့် ကြံ့ခိုင်ရေးပါတီ၏ စတုတ္တကြိမ် ညီလာခံကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ ကျင်းပခဲ့ပြီး ပါတီဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ညီလာခံမတိုင်မီ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်နေရာများတွင် အပြောင်းအလဲ ဖြစ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်းတို့ပင် ပြန်လည်ရွေးချယ် ခံရသည်။
ထို့ပြင် တတိယကြိမ် ညီလာခံတွင် ပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သူ ဦးသောင်းအေးမှာ လက်ရှိတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်လာသကဲ့သို့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သူ ဦးတင်အောင်ချစ်လည်း အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။
ပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် တပ်အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်စိုးက ရွေးချယ်ခံရပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၄၆ ဦး၊ ဗဟိုကော်မတီဝင် ၃၃၆ ဦးနှင့် အရံဗဟိုကော်မတီ ဝင် ၆၈ ဦးတို့ကိုလည်း ရွေးချယ်အတည်ပြုခဲ့ကြသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၄၆ ဦးထဲတွင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်၏ လူယုံများဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသက်ပုံနှင့် ဦးစိုးတင့်နိုင်တို့လည်း ပြန်လည်ပါဝင်လာသည်။
အာဏာသိမ်းမှုကို အရင်းခံပြီး စစ်အုပ်စုတပ် ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ဝင်ရောက်ယှဉ်ပြိုင် ခြင်းမရှိဘဲ သမ္မတဖြစ်လာသည့် ဦးမင်းအောင်လှိုင်မှာ တပ်ချုပ်ရာထူး စွန့်လွှတ်ခဲ့ပြီးနောက် အခုအခါ ပါတီနိုင်ငံ ရေး လမ်းကြောင်းပေါ် ရောက်ရှိလာခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ ညီလာခံအပြီး သတင်းစာရှင်း လင်းပွဲ၌ ဦးမင်းအောင်လှိုင်လည်း ပါတီဝင်တစ်ဦး ဖြစ်သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှု ဆောင် ဦးလှသိန်းက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ပါတီအတွင်း၌လည်း အုပ်စုဖွဲ့ခြင်းနှင့် တစ်ခုနှင့်တစ်ခု ကွဲပြားခြင်းများ မရှိသကဲ့သို့ ညီလာခံသို့ ဝန်ကြီးဟောင်း ဦးစိုးသိန်းနှင့် ဗိုလ်ချုပ်ဟောင်း ဦးကျော်ဆန်းတို့ ပြန်လည်တက်ရောက်လာခြင်းနှင့် ပတ်သက်၍ ပါတီ၏ ဗဟိုအတိုင်ပင်ခံများအဖြစ် ခန့်အပ်ထားကြောင်း ပြောဆိုထားသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က လူဟောင်းများလည်း အရေးပါနေသေးသည်ဆိုသည့် သဘောဖြင့် အသိပေးခြင်းဖြစ်ပြီး ပါတီထိပ်ပိုင်းရာထူးများ အပြောင်းအလဲ မဖြစ်သဖြင့် ထူးခြားသည့် ပြောင်းလဲမှု ရှိလာမည် မဟုတ်ကြောင်း သုံးသပ်ထားသည်။
“သူတို့ကိုယ်သူတို့ အကာအကွယ်ပဲပေါ့။ မျက်နှာပြပြီး (အကာအကွယ်) ယူတဲ့ သဘောလည်း ပါတယ်ပေါ့။ နောက်သူတို့ အရေးပါနေသေးတယ် ဆိုတာကိုလည်း ပြတယ်။ အဲဒီတော့ မင်းအောင်လှိုင်က နေရာများ ပေးမ လားဆိုတာကိုတော့ အဲဒီလို မျှော်တဲ့အဆင့်တော့ မဟုတ်ပါဘူး။ ဘာလို့လဲဆို သူတို့က မပေးဘူးဆိုတာလည်း သိတယ်လေ မင်းအောင်လှိုင်က တစ်ယောက်နဲ့ တစ်ယောက်က လူတစ်ယောက် တက်လာရင် ကျန်တဲ့လူတွေ ဘယ်သူမှ မယုံတော့ဘူး။ ကိုယ့်လူပဲ ကိုယ်ယုံတော့တာပဲ။ ဘာမှမထူးသွားဘူး။ ဒီအတိုင်းပဲ မင်းအောင်လှိုင်က သူ့စိတ်ကြိုက်ပဲ ဆက်သွားနေမယ်။ အဲဒါတော့ ပြောချင်ပါတယ်။”
စစ်ကော်မရှင်လက်ထက် စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲတွင် မဲအပြတ် အသတ် အနိုင်ရရှိခဲ့သည့် ကြံ့ခိုင်ရေးပါတီသည် နိုင်ငံတော်၏ ရာထူးအဆင့်ဆင့် သတ်မှတ်ချက်အရ အမြင့်ဆုံး နံပါတ် ၁ နေရာတွင် ရှိသည့် သမ္မတရာထူးကို ရယူနိုင်ခဲ့ခြင်း မရှိပေ။
လက်ရှိ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရသူ ဦးခင်ရီသည် စစ်အုပ်စုတပ် အသွင်ပြောင်းအစိုးရ ၏ သတ်မှတ်ထားသည့် နိုင်ငံတော် ရာထူးအဆင့်ဆင့်အတိုင်း နံပါတ် ၄ နေရာတွင်ရှိသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးဖြင့်သာ နှစ်သိမ့်ခဲ့ရသည်။
ဦးခင်ရီသည် စစ်အုပ်စုတပ်မှ ဗိုလ်မှူးချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့ပြီး စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက် ထက်တွင် ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ်တွင် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၂၁ ခုနှစ် စစ်ကောင်စီလက်ထက်တွင်လည်း အလားတူ တာဝန်ယူခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ် တတိယကြိမ် ပါတီညီလာခံမတိုင်မီ တစ်လကျော်အလို၌ စစ်ကောင်စီက ဦးခင်ရီကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အဖြစ်မှ အနားယူစေခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့တွင် ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။
ဦးခင်ရီကမူ အနာဂတ်တွင် ခေတ်မီပြီး ပြည်သူကို အခြေပြုသည့် နိုင်ငံရေးပါတီ “Modern People Centered Political Party” ဖြစ်အောင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကာ ပြည်သူ့ယုံကြည်မှုကို အမိအရ တည်ဆောက် ရန် အရေးကြီးကြောင်း ညီလာခံ၌ ပြောဆိုခဲ့သည်။
အင်အားကြီးပါတီမှ ပိုမိုအရည်အသွေး မြင့်မားသည့် ပါတီအဖြစ် ပြောင်းလဲရမည်ဖြစ်ပြီး အဆိုပါအတိုင်း ဆောင်ရွက်ရာတွင် ပြည်သူ့အသံ၊ ပြည်သူ့လိုအပ်ချက်နှင့် ပြည်သူ့ဆန္ဒတို့ကို မူဝါဒအဖြစ် ပြောင်းလဲဖော်ဆောင် နိုင်ရမည်ဟု ဆိုသည်။
ထိုသို့ ဆောင်ရွက်ပေးရမည့် အချက်များကို အစိုးရအဖွဲ့၊ လွှတ်တော် အပါအဝင် ဆက်စပ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အရွေ့ရှိသည့် ရလဒ်ဖြစ်အောင် ဆောင်ရွက်နိုင်ရမည်ဆိုသည့် လမ်းကြောင်းမှသာ ပြည်သူ့ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဟု ဦးခင်ရီက ပြောဆိုခဲ့သည်။
လက်ရှိ ပေါ်ပေါက်လာသည့် လွှတ်တော်သည် စစ်အုပ်စုတပ်၏ လက်အောက်ခံအဖြစ် ဘာကြောင့် ရောက်ရှိနေ သနည်း ဆိုသည်ကို ကြံ့ခိုင်ရေးပါတီအနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်း ပြည်သူတစ်ဦးက ပြောသည်။
“လက်ရှိမှာ သူတို့က ပြည်သူလူထုထောက်ခံမှုရအောင်ဆိုတဲ့ဟာကတော့ ပြည်သူတွေရဲ့ တကယ့် ထောက်ခံမှု ရဖို့ဆိုရင် လက်ရှိ ပြည်သူ လက်မခံတဲ့ ရွေးကောက်ပွဲကျင်းပပြီး တက်လာတဲ့ (ပြည်သူ့) လွှတ်တော် ဥက္ကဋ္ဌဖြစ် လာတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ အဲဒီဥက္ကဋ္ဌကတောင်မှ လွှတ်တော်က လွှတ်တော်လို (လွှတ်တော်က အစိုးရကို စောင့်ကြည့် စစ်ဆေးပြီး ထိန်းကျောင်းရ) နေရတဲ့အခါမှာ လွှတ်တော်က ဘာဖြစ်လို့ စစ်တပ်ရဲ့ အောက်ကို ရောက်နေလဲဆိုတဲ့ဟာက သူတို့ ကိုယ်တိုင် ပြန်သုံးသပ်မယ်ဆိုရင်တော့ သူတို့ ပြည်သူ့ ထောက်ခံမှု ရလာမှာပေါ့။”
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲနှင့် ပတ်သက်၍ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဖြင့် တိုက်ရိုက်ခန့်အပ်သည့်အပေါ် လွှတ်တော်၏ အခန်းကဏ္ဍကို မေးခွန်းထုတ် ဝေဖန်မှုများလည်း ရှိခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီသည် စစ်အုပ်စုတပ်၏ လက်ကိုင်တုတ်အဖြစ် ဝေဖန်မှု များ ရှိခဲ့သလို လက်ရှိ အရပ်သားအသွင်ပြောင်းထားသည့် စစ်အာဏာရှင်များ၏ နိုင်ငံရေးအရ တရားဝင်မှုရရန် ကြိုးပမ်းသည့် အခင်းအကျင်းတွင်လည်း အဖြည့်ခံဖြစ်နေပြီလော ဟူသည့် မေးခွန်းထုတ်မှုများ ဖြစ်ပေါ်နေသည်။
လက်ရှိတွင် နိုင်ငံ့အာဏာကို သိမ်းယူထားသည့် စစ်အုပ်စုတပ်သည် အရပ်သားအသွင်ပြောင်း၍ အစိုးရအဖြစ် ပုံဖော်ထားသော်လည်း ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတုန်းကကဲ့သို့ အပြောင်း အလဲများ ဖော်ဆောင်နိုင်ခြင်း မရှိသေးပေ။
ထို့ပြင် စစ်အုပ်စုတပ်၏ တစ်ကျော့ပြန် အာဏာသိမ်းမှု အကျိုးဆက်ကြောင့် တိုင်းပြည်မှာ ဘက်ပေါင်းစုံ ပျက်စီး ယိုးယွင်းနေသည့် အခြေအနေအောက်တွင် ဒီမိုကရေစီ အခွင့်အရေးများ ဆိတ်သုဉ်းနေဆဲ ဖြစ်သကဲ့သို့ လူ့အခွင့် အရေး ချိုးဖောက်မှုများလည်း ဆက်လက်ဖြစ်ပေါ်နေသည်။
ဤသို့သော အခြေအနေတွင် စစ်အာဏာရှင်နှင့် အငြိမ်းစား စစ်ဗိုလ်ချုပ်များ၏ နိုင်ငံရေးအရ လှုပ်ရှားရာ နယ်ပယ်ဖြစ်သည့် ကြံ့ခိုင်ရေးပါတီအနေဖြင့် ပြည်သူလူထု၏ ယုံကြည်မှုနှင့် ထောက်ခံမှုရရှိရန် အသည်းအသန် ကြိုးပမ်းရလိမ့်မည်ဟု လေ့လာသူများက ထောက်ပြကြသည်။
ကြံ့ခိုင်ရေးပါတီကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။







