ကျိုက်မရောတွင် ဖမ်းဆီးထားသည့် ထိုင်းကုန်ကား ၆၅ စီးအနက် ၂၅ စီးစာရင်း ပျောက်ဆုံးနေ

ကျိုက်မရောတွင် ဖမ်းဆီးထားသည့် ထိုင်းကုန်ကား ၆၅ စီးအနက် ၂၅ စီးစာရင်း ပျောက်ဆုံးနေ

မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော ထိုင်းကုန်ပစ္စည်း တင်ဆောင်လာသည့် ကုန်ကားများအနက် ၂၅ စီးမှာ စာရင်းပျောက်ဆုံးသွားကြောင်း စစ်အုပ်စုတပ်နှင့် နီးစပ်သူများက သံလွင်တိုင်းမ်သို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ကျိုက်မရော-မော်လမြိုင်လမ်းပိုင်း ကြက်သွန်ကုန်းနှင့် နတ်စမ်းကျေးရွာ အကြား၌ ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်ကား ၆၅ စီးကို စစ်အုပ်စုတပ်၏ ဌာနစုံပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် ကုန်ကား ၆၅ စီး ရှိနေသော်လည်း စစ်အုပ်စုတပ်၏ မွန်ပြည် အစိုးရအဖွဲ့ထံသို့ စာရင်းတင်ပြ ရာတွင်မူ ကုန်တင်ကား အစီး ၄၀ သာ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

စစ်အုပ်စုတပ်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ ဖမ်းဆီးရမိထားသော ထိုင်းကုန်ကားများအနက် ကုန်ကား ၂၅ စီးကို ငွေကျပ်သိန်းထောင်ချီ တောင်းခံခဲ့ပြီးနောက် ယာဉ်မောင်းများကိုပါ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုတပ်ထံ စာရင်းတင်ပြထားသည့် ထိုင်းကုန်ကား အစီး ၄၀ ရှိ တန်ဖိုးငွေ သိန်းပေါင်းသောင်းချီရှိသော ကုန်ပစ္စည်းများကို လေလံတင်ရောင်းချရန် ပြင်ဆင်နေကြသော်လည်း အဆိုပါကားများတွင်လည်း ကုန်ပစ္စည်း အများအပြား ပျောက်ဆုံးမှုများ ရှိနေဆဲဖြစ်သည်။

ဖမ်းဆီးရမိသည့် ထိုင်းကုန်ပစ္စည်းများထဲတွင် ကားတာယာများ၊ မွေးမြူရေးအစာများ၊ ပိတ်စများ၊ သစ်သီးဝလံ နှင့် အခြေခံစားသောက်ကုန်များ အများဆုံး ပါဝင်သည်။

စစ်အုပ်စုတပ်ဘက်ကမူ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာသည့် ကားအစီး ၄၀ မှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်အရေးယူရန် လုပ်ဆောင်နေပြီး ငွေကျပ်သိန်းရာနှင့်ချီ ပေးနိုင် သည့် ကားသမားအချို့ကိုလည်း ပြန်လွှတ်ပေးမှုများ ရှိနေသည်။

ဖမ်းဆီးခံရသည့် ထိုင်းကုန်ပစ္စည်းတင်ကားများသည် ထိုင်းနိုင်ငံဘက်မှ တိုက်ရိုက်သယ်ဆောင်လာသည့် ကားများမဟုတ်ဘဲ ကျိုက်မရောမြို့နယ်၊ ကတုံးစိကျေးရွာ ဘီးလပ်မြေစက်ရုံအနီးမှနေ၍ ခေါက်တိုပြန်သယ် သည့် ကားများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် အဆိုပါ ထိုင်းကုန်ပစ္စည်းတင်ကား အစီး ၆၀ ကျော်သည် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၏ ခွင့်ပြုချက်ဖြင့် တရားဝင်ဖွင့်လှစ်ထားသည့် စပယ်ဂူတံတားဂိတ်နှင့် ကျိုက်မရော အဖွဲ့စုံဂိတ်တို့ကို ဖြတ်သန်းလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းအပေါ် ဒေသခံပြည်သူများအကြား မေးခွန်းထုတ်မှုများ မြင့်တက်လျက်ရှိသည်။

လက်ရှိတွင် မွန်ပြည်အတွင်း၌ စစ်အုပ်စုတပ်က ထိုင်းကုန်ပစ္စည်းများကို တရားမဝင်ကုန်ပစ္စည်းဟူသော အကြောင်းပြချက်ဖြင့် ပိတ်ဆို့ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ဒေသတွင်း ထိုင်းကုန် ပစ္စည်းဈေးနှုန်းများ အဆမတန် မြင့်တက်လာကာ ကုန်ပစ္စည်းအများစု ပြတ်လပ်နေသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။

ဓာတ်ပုံ - (Crd - သံလွင်တိုင်းမ်)

September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...