ရခိုင်ပြည်သတင်းများ Justice For Arakan ထံ မေးမြန်းအတည်ပြုနိုင်ဟု ဆို

ရခိုင်ပြည်သတင်းများ Justice For Arakan ထံ မေးမြန်းအတည်ပြုနိုင်ဟု ဆို
Screen Short (APV) / ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အမြဲတမ်းအတွင်းဝန်ရုံး ဒုတိယညွှန်ကြားရေး မှူး ဒေါ်မြဇံဝေ။
Screen Short (APV) / ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အမြဲတမ်းအတွင်းဝန်ရုံး ဒုတိယညွှန်ကြားရေး မှူး ဒေါ်မြဇံဝေ။

ရခိုင်ပြည်အရေး သတင်းများကို ရေးသားနေသည့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများအနေဖြင့် သတင်း မှန်ကန် မှု ရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် Justice For Arakan ထံ မေးမြန်းအတည်ပြုနိုင်ကြောင်း ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) အမြဲတမ်းအတွင်းဝန်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြဇံဝေက ထုတ်ဖော်ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သည့် APV နှင့် အင်တာဗျူးတွင် 'Justice For Arakan' ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့ တင်ပြသည့် သတင်းများသည် မှန်ကန်မှုမရှိဘဲ ကောလဟာလများ ဖြစ်နေပါက ပြည်သူ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ရာ ရောက်သည့်အပြင် တာဝန်ယူမှုရှိရန်လည်း လိုအပ်ကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် ရခိုင်ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုသည့် သတင်းသမားများနှင့် သတင်းမှန်များကို တင်ဆက်ပေးသည့်၊ မီဒီယာကျင့်ဝတ်နှင့် ညီညွတ်သည့် စိတ်ချရသော သတင်းဌာနများကိုသာ ရှိစေလိုကြောင်း ဆိုသည်။

ULA ဒု-ညွှန်မှူး ဒေါ်မြဇံဝေက “ရထားတဲ့ သတင်းတွေမှာ တစ်ချို့ရင်းမြစ် မတိကျတာတွေ မရှင်းလင်းတာတွေ ရှိတယ်ဆိုရင် သတင်းမှန် မမှန်ကို အတည်ပြုဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ပြန်ကြားရေး တာဝန်ခံ ကိုသုခ (ဦးခိုင်သုခ)က တစ်ဆင့် ဆက်သွယ်မေးမြန်းလို့ ရသလို justice for Arakan က တစ်ဆင့် ဆက်သွယ်ပြီး အတည်ပြုမေးမြန်းလို့ ရပါတယ်” ဟု ပြောသည်။

၎င်းပြင် “ ဒီလိုတော်လှန်ရေးကာလ အခက်ခဲဖြစ်နေတဲ့ အခြေနေတစ်ရပ်မှာ သတင်းသမားတစ်ချို့က ပြည်သူ ဖက်က ကိုယ်စားပြုသလိုပုံစံမျိုးနဲ့ အင်တာဗျုးပြီးတော့ သူတို့လိုချင်တဲ့ စကားလုံးတွေ ထည့်ပြီး အစိုးရနဲ့ ပြည်သူကြားမှာ ယုံကြည်မှုတွေကျဆင်းအောင် တော်လှန်ရေးကို အနှောက်ယှက် ဖြစ်စေဖို့ အကွက်ဖော်ပြီး သွားနေကြတာကို ပြည်သူတွေအနေနဲ့ သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ် ” ဟု ဆက် ပြောသည်။

Justice For Arakan သည် ULA ၏ အွန်လိုင်း တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပြီး ရခိုင်ပြည်သူများ မှုခင်းနှင့် အခြား နစ်နာမှုများ ဖြစ်ပေါ်သည့်အခါ တရားမျှတမှု ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် ၂၀၂၀ ပြည့်နှစ် အကုန် ၂၀၂၁ ခုနှစ်မှစ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ရခိုင်အမျိုးသားအဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်သူများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို ဗဟိုဌာန ချုပ်ရုံးသို့ တိုက်ရိုက်တင်ပြနိုင်ရန်နှင့် ပြည်သူ့အသံကို တိုက်ရိုက်နားထောင်နိုင်ရန် တည်ထောင်ခဲ့ခြင်းဖြစ်ကာ ရခိုင်ပြည်သူများ တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ယခုကဲ့သို့ သတင်းမှန်ကန်မှု ရှိ၊ မရှိ အတည်ပြုနိုင်ရန် ဆက်သွယ်ရမည့်နေရာများကို ULA က တရားဝင် ထုတ် ပြန်ပေးခြင်းအား လက်ခံကြိုဆိုကြောင်း မြေပြင်သတင်းထောက်များက ဆိုကြသည်။

ရခိုင်ပြည်တွင်းမှ သတင်းထောက်တစ်ဦးက “အခုလို AA ဖက်က တရားဝင်ထုတ်ပြန်တာက ကြိုဆိုလက်ခံရမဲ့ ကိစ္စလို့မြင်တယ်။ သတင်းတစ်ခုဖြစ်တယ်ဆိုရင် အတည်ပြုဖို့ဆက်သွယ်လို့ မရတာက အရင်ကတော့ ရှိတယ်။ အကျိုးဆက်အနေနဲ့ အတည်ပြုလို့မရတာကြောင့် သတင်းမြန်မြန်ဆန်ဆန် ထုတ်နိုင်တာ မရှိတော့ ပြည်သူတွေ ကြားမှာ ဝေဝါးတဲ့ ပြဿနာတွေ ဖြစ်ခဲ့တာလည်း ရှိသလို ဖြစ်လာနိုင်တာတွေလည်း ရှိတယ်။ ပြန်ကြားရေးဌာန ကို ပြောချင်တာကတော့ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီဖြေပေးဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။

သို့သော်လည်း လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မေးမြန်းရာ တွင် ဆက်သွယ်ရခက်ခဲသည့် အားနည်းချက်များ ရှိနေသေးကြောင်း မြေပြင်သတင်းထောက်များက ထောက်ပြ ကြသည်။

အခြား မြေပြင်သတင်းထောက်တစ်ဦးကလည်း “ပြန်ကြားရေးကို မေးတဲ့အခါ အခက်ခဲအများကြီး ရှိပါတယ်။ အဓိက အဆက်သွယ် မရတာပါ။ Justice For Arakan အနေနဲ့ သတင်းမှန်၊ မမှန် အတည်ပြုပေးဖို့ ပြောလာ တာကတော့ သတင်းမှားတွေကို လျှော့ချနိုင်ဖို့အတွက် ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သတင်းမှန်ကို ရရှိဖို့ဆိုတာက အတည်ပြုချက် တစ်ခုတည်းတင်မကဘဲ ဒေသခံတွေရဲ့ ပြောကြားချက်၊ လွတ် လပ်တဲ့ တစ်ခြား သတင်းရင်းမြစ်တွေနဲ့ပါ အမြဲတမ်း စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်” ဟု အကြံပြုသည်။

Justice For Arakan တွင် ပြည်သူများအနေဖြင့် ဗဟိုအစိုးရသို့ တင်ပြလိုသည့်၊ တိုင်ကြားလိုသည့် သို့မဟုတ် မေးမြန်းလိုသည့် ကိစ္စတိုင်းကို တင်ပြခွင့်ပြုထားသည်။ ထို့ပြင် ဌာနဆိုင်ရာများမှ ဝန်ဆောင်မှုယူရာတွင် အဆင် မပြေမှုများ၊ အဂတိလိုက်စားမှုများ၊ ဆက်ဆံရေး အဆင်မပြေမှုများကို အချက်အလက် ပြည့်စုံစွာဖြင့် တိုင်ကြား နိုင်ပြီး တိုင်ကြားသူ၏ လက်မှတ်ပါရှိရန် လိုအပ်သည်။

Justice For Arakan အနေဖြင့် တိုင်ကြားလာသည့် အမှုများကို မှတ်တမ်းတင်ကာ အမျိုးအစားအလိုက် ခွဲခြား ပြီး သက်ဆိုင်ရာဌာနများသို့ ရုံးစာပို့၍ လွှဲပြောင်းပေးလျက်ရှိသည်။

သက်ဆိုင်ရာဌာနများ၏ စိစစ်တွေ့ရှိချက်များကိုလည်း အကြောင်းပြန်ကာ အမှုလာရောက်တိုင်ကြားသည့် ပြည် သူများကို ဥပဒေအရ အကြံပေးခြင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်ချိတ်ဆက် ပေးသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်အထိ Justice For Arakan ထံ တိုင်ကြားစာ စုစုပေါင်း ၇၄၁ မှု ရောက်ရှိခဲ့သည်။

ထိုအထဲတွင် တရားရေးဌာနသို့ ၂၅၂ မှု၊ နိုင်ငံရေးဌာနသို့ ၁၄၂ မှု၊ စစ်ရုံးချုပ်သို့ ၁၂၃ မှု၊ မြေယာဌာနသို့ ၆၈ မှု၊ ဒီလပ်သို့ ၅၆ မှု၊ အုပ်ချုပ်ရေးဌာနသို့ ၂၅ မှု၊ NDEP ပြဋ္ဌာန်းချက် အကောင်အထည်ဖော်ရေးအဖွဲ့သို့ ၁၇ မှုနှင့် ပါတီသို့ ၁၄ မှုတို့ ပါဝင်ပြီး အခြား ထောက်လှမ်းရေး၊ အတွင်းဝန်ရုံး၊ ဥပဒေဌာန၊ စစ်ဘက်ဆိုင်ရာ၊ ကျန်းမာရေး၊ နည်းပညာ၊ သာသနာရေး၊ နယ်စပ်ဆက်ဆံရေးနှင့် အကောက်ခွန် စသည့် အမှုများလည်း ပါဝင်ကြောင်း ထုတ်ပြန် ချက်များအရ သိရသည်။

အပေါက်ဝကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးသွားသည်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် တွေ့ရစဉ်။ / DMG
September 22, 2026
ကုလားတန်မြစ် ကမ်းပါးပြိုကျမှုကြောင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ အိမ်ထောင်စု ၃၀ ကျော်၊...
စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...