ကရင်ပြည်၊ ဖားအံမြို့ပေါ်နှင့် အနီးဝန်းကျင်ဒေသများတွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်စုတပ်က ညအချိန် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသဖြင့် ဒေသခံပြည်သူများ သွားလာ လှုပ်ရှားရာတွင် သတိထားနေကြရသည်။
ကရင်ပြည်အတွင်း စစ်မှုထမ်းအပတ်စဉ်အလိုက် သတ်မှတ်လူဦးရေ ပြည့်မီရေးအတွက် ပြည်နယ် စစ်အုပ်စု ဘက်က ညွှန်ကြားထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဖားအံမြို့ပေါ်တွင် အရပ်သားများကို စစ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများ ပိုမိုအဖြစ်များလာခြင်းဖြစ်သည်။
ဖားအံမြို့ခံ အမျိုးသားတစ်ဦးက “အခုဆို ညနေ ၅ နာရီ၊ ၆ နာရီနောက်ပိုင်းဆို မထွက်တော့ဘူး။ သတိနဲ့ နေ နေ ရတဲ့ အခြေအနေပါ။ နည်းနည်းမှောင်ပြီဆို သူတို့တွေက သာမန်အရပ်သားပုံစံနဲ့ နေရာယူကြတာ။ အခုက ဖားအံက လမ်းတွေက မီးထိန်လင်းနေတာမဟုတ်တော့ လမ်းကြိုလမ်းကြားတွေဆို ပိုကြောက်ရတယ်” ဟု ပြောသည်။
မြို့ပြင်နှင့် ရပ်ကွက်များအတွင်းရှိ အသက် ၂၀ မှ ၃၀ ဝန်းကျင်အရွယ် လူငယ်နှင့် လူလတ်ပိုင်းများကို စစ်အုပ်စု တပ်က စစ်သားသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေခြင်း ဖြစ်သည်။
အထူးသဖြင့် ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှ လာရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများနှင့် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
ထို့ပြင် ဖားအံမြို့အနီးတဝိုက်ရှိ ကျေးရွာများတွင်လည်း ညပိုင်းပြင်ထွက် သွားလာသည့် လူငယ်များ စစ်သားသစ် အဖြစ် စုဆောင်းခံရမှုများ ရှိနေသဖြင့် ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် ဒေသခံအချင်းချင်း သတိပေးနေကြရသည်။
ကျေးရွာနေ ဒေသခံ အမျိုးသမီးတစ်ဦးက “နောင်လုံမှာ ည ၇ နာရီလောက်တောင် ကောင်လေးနှစ်ယောက်ကို ဆွဲသွားတယ်လို့ ကြားတယ်။ အရင်က ညမိုးချုပ်ရင် ညဈေးသွားတာ ကမ်းနားလမ်းတွေမှာ သွားလာတာတွေ ရှိတယ်။ အခုတော့ ပေါ်တာဆွဲ(စစ်သားသစ်စုဆောင်း)တယ်ဆိုတဲ့ သတင်းတွေကြောင့် ည ၆ နာရီနောက်ပိုင်း အပြင်ထွက်ဖို့ မရဲကြတော့ဘူး” ဟု ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လကလည်း ဖားအံမှ မြဝတီသို့ တိုက်ရိုက်ပေါက်ရောက်သည့် ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-နဘူး ရွာချင်းဆက်လမ်းပိုင်း တစ်နေရာတွင် စစ်အုပ်စုက အဖွဲ့ချစောင့်ဆိုင်းပြီး စစ်ဆေးဖမ်းဆီးရာ ကရင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူ မဟုတ်သည့် လူငယ် ၃ ဦးထက်မနည်း စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
စစ်အုပ်စုတပ်သည် နှစ်ဖက်တိုက်ပွဲများအတွင်း တပ်ဖွဲ့ဝင်အင်အား ဆုံးရှုံးမှုများပြားလာခြင်းကြောင့် ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှစ၍ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ကာ စစ်သားသစ်များကို အတင်းအဓမ္မ ဖမ်းဆီး စုဆောင်းနေခြင်းဖြစ်သည်။







