ကော့ကရိတ်တွင် ရွာခံလူငယ် ၂ ဦးကို စစ်အုပ်စုတပ်က ဖမ်းဆီးပြီး ငွေညှစ်

ကော့ကရိတ်တွင် ရွာခံလူငယ် ၂ ဦးကို စစ်အုပ်စုတပ်က ဖမ်းဆီးပြီး ငွေညှစ်
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော် တေးရွာခံ အမျိုးသမီး ၁ ဦး အပါအဝင် လူငယ် ၂ ဦးကို ကော့ကရိတ်အခြေစိုက် စစ်အုပ်စုတပ် ခြေလျင်တပ်ရင်း ခလရ (၅၄၇) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး ငွေညှစ်တောင်းခံနေသည်ဟု နီးစပ်သူများက ပြောသည်။

အဆိုပါ ရွာချင်းဆက်လမ်းရှိ မြခိုင်ကုန်း စစ်ဆေးရေးဂိတ်၌ စက်တင်ဘာ ၁၅ ရက်တွင် ဆိုင်ကယ်ဖြင့် လာသူ ရွာခံ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ခလရ (၅၄၇) တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပါလာသည့် ငွေနှင့် ဆိုင်ကယ်ကို သိမ်းယူထားသည့်အပြင် လူကို ပြန်ရွေးယူရန် ငွေထပ်မံ တောင်းခံ နေကြောင်း ရွာခံများက ဆိုသည်။

"ကရင်တွေပဲ လူငယ်ယောင်္ကျားလေးနဲ့မိန်းကလေး၊ သူတို့ကို ဖမ်းထားပြီး ဆိုင်ကယ်ကိုသိမ်းတယ်။ ပါလာတဲ့ ပိုက်ဆံ ၁၀ သိန်းကိုပါ သိမ်းသွားတယ်။ ပြီးတော့အခု လူကိုပါ ငွေနဲ့ လာပြန်ရွေးခိုင်းနေတယ်” ဟု ဖမ်းဆီးခံ ရသူနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ထိုအခြေအနေကို နန်းကော်တေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်ရာ ကျေးရွာတာဝန်ရှိသူများက သိရှိထား သော်လည်း ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဖားအံခရိုင် (တပ်မဟာ ၇) နယ်မြေအတွင်းရှိ ကော့ကရိတ်မှ နဘူး မရောက်ခင် အဆိုပါ လမ်းပိုင်းတစ်လျှောက် ကျေးရွာများတွင် စစ်အုပ်စုတပ်က ဂိတ်စခန်းများ လုံခြုံရေးအတွက် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက တိုးမြှင့်ချထားခြင်းဖြစ်သည်။

ထို့နောက် လမ်းပိုင်းဖြတ်သန်းသွားလာသူများကို စစ်အုပ်စုတပ်က အကြောင်းမဲ့ ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေ သကဲ့သို့ မှတ်ပုံတင် စစ်ဆေးခြင်း၊ မော်တော်ယာဉ်များကို ဂိတ်ကြေး တောင်းခံခြင်းနှင့် ဝယ်ယူလာသည့် စားသောက်ကုန်များကို သိမ်းယူခြင်းတို့ ပြုလုပ်လျက်ရှိသည်။

လက်ရှိ နန်းကော်တေး ရွာခံလူငယ် ၂ ဦး ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုမူ သီးခြား အတည်မပြုနိုင်သေး ပေ။

ထို့ပြင် လတ်တလောတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်တပ်များက ထီဖိုးစံကျေးရွာအုပ်စု လမ်းပိုင်း၌ စစ်အုပ်စုတပ်ကို ဖြတ်တောက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ကွီမောင်တိုင်ကျေးရွာနှင့် မိဖာလဲ့ကျေးရွာဘက်တို့တွင် ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

Most read this week

သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...