ကရင်ပြည်၊ ကော့ကရိတ်မြို့အခြေစိုက် စစ်အုပ်စု၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) နယ်မြေသို့ တော် လှန်ရေး ပူးပေါင်းတပ်များက လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီးနောက် စကခ-၁၂ က ကျေးရွာများဘက်သို့ ဦးတည်၍ လက်နက်ကြီးများ ပစ်ခတ်လျက် ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က စကခ-၁၂ အနီးရှိ အရံအမြောက်တပ်ရင်းသို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စကခ-၁၂ သည် ကော့ကရိတ်မြို့နယ်အတွင်းရှိ လောင်းကိုင်၊ ဖားကျ၊ ကိုးတိုင်၊ လှိုင်ကွယ် စသည့် ကျေးရွာများသို့ လက်နက်ကြီးများ ဦးတည်ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ကော့ကရိတ် အခြေစိုက် တော်လှန်ရေးပူးပေါင်းအင်အားစုထံမှ သိရသည်။
ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက “အဲဒီနေ့က အမြောက်တပ်ထဲ ဒရုန်းနဲ့ ကြဲတာ ၄ ယောက် သေတယ်။ ၅ ယောက် လောက် ဒဏ်ရာရတာ။ ဆေးတပ်နဲ့ တောင်ကလေးဘက်ကို သယ်ပို့တယ်။ သူတို့ ခံရတာနဲ့ လက်နက်ကြီး ပြန်ပစ်တာ။ လောင်းကိုင်၊ ဖားကျဘက်တွေ ကျတယ်။ ကိုးတိုင်နဲ့ လှိုင်ကွယ်ဘက်ကိုလည်း ပစ်တယ်” ဟု ပြောသည်။
ထိုသို့ ကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းသည် KNLA မဟာမိတ်တပ်များက ကျုံဒိုး-ကော့ ကရိတ် လမ်းပိုင်းရှိ စစ်အုပ်စုတပ်၏ အခြေချနေရာများကို တိုက်ခိုက်လာမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်များက သုံးသပ်ကြသည်။
ထို့ပြင် စကခ-၁၂ အပါအဝင် အရံတပ်ရင်းများတွင် ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေပြီး နယ်မြေအတွင်း ကင်းထောက်ဒရုန်းများလည်း နေ့စဉ် ပျံသန်းထောက်လှမ်းလျက်ရှိသည်။
တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ကေအိုင်စီ သတင်းအရင်းအမြစ်တစ်ဦးက “နေ့ရော ညရော ဂျက်ဖိုက်တာ လည်း ပျံတယ်၊ Y-12 လည်း ပျံတယ်။ ပြီးရင် စကခ (၁၂) ထဲကနေ လက်နက်ကြီးနဲ့ နန်းရွှေမှုံရွာဘက်အထိ လှမ်းပစ်တယ်။ လေယာဉ်ကြဲတာမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ ကင်းထောက်ပျံပြီးရင် စိတ်မချရတော့ဘူး” ဟု ပြောသည်။
အလားတူ စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ (၅၄၅)၊ (၅၃၆) ကျုံဒိုးတပ်နယ်နှင့် (၅၄၇)၊ (၅၄ hide)၊ (၅၄၉) နဘူးတပ်နယ် အပါအဝင် အခြားတပ်ရင်းများ၌လည်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားပြီး အနီးပတ်ဝန်း ကျင်သို့ ရံဖန်ရံခါ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်မှုများ ပြုလုပ်လျက်ရှိသည်။







