ပူတာအို၌ ကားလမ်းပိတ်၍ လေကြောင်းခရီးစဉ် တိုးချဲ့ပေးရန် ဒေသခံများ တောင်းဆို

ပူတာအို၌ ကားလမ်းပိတ်၍ လေကြောင်းခရီးစဉ် တိုးချဲ့ပေးရန် ဒေသခံများ တောင်းဆို
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd

ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား မြစ်ပိတ်ပင်မှုများ ပိုမိုပြုလုပ်လာသဖြင့် ခရီးသွားလာရန် ခက်ခဲနေသဖြင့် ပူတာအို - မြစ်ကြီးနား လေကြောင်း လိုင်းများကို အရင်ကထက် တိုးချဲ့ပြေးဆွဲပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ဩဂုတ်လဆန်းပိုင်းမှစ၍ စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်များတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီးသွားများကို ကားလမ်းမှတစ်ဆင့် သွားလာခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်သူများမှာ လေကြောင်းခရီးကိုသာ အဓိက အားထားနေရသော်လည်း လေယာဉ်ပြေးဆွဲမှု နည်း ပါးသဖြင့် အခက်အခဲ ဖြစ်နေရသည်။

ပူတာအိုမြို့၊ လေယာဉ်ကွင်းရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက “အခုကားလမ်းကနေ ကလေးပေါက်စတွေနဲ့ သက်ကြီးရွယ်အိုလောက်ပဲ သွားခိုင်းတာ။ တကယ့် ခရီးသွားလာဖို့ လိုအပ်ချက်များတဲ့ အသက်အရွယ်ပိုင်းတွေကျတော့ မသွားခိုင်းဘူး။ ကားလမ်းနဲ့က အခုအခြေအနေမှာ အားကိုးစရာက လေကြောင်းပဲ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ပူတာအို - မြစ်ကြီးနား လေကြောင်းခရီးစဉ်များကို အင်္ဂါနေ့နှင့် သောကြာနေ့တို့၌ တစ်ပတ်လျှင် ၂ ကြိမ်သာ ပြေးဆွဲပြီး တစ်ခါတစ်ရံ ၁ ကြိမ်တည်းသာ ပြေးဆွဲသဖြင့် ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊ မချမ်းဘော့ နှင့် မြစ်ကြီးနား စသည့် ဒေသတွင်း ခရီးသွားပြည်သူများ၏ လိုအပ်ချက်နှင့် မလောက်ငှဘဲ ဖြစ်နေသည်ဟု ဆိုကြသည်။

“အခုဆိုရင် အဝေးသင်ကာလက ရောက်တော့မယ်။ လေယာဉ်က တစ်ပတ်ကို တစ်ခါ၊ နှစ်ခါပဲလာတော့ ဘယ် လိုမှ အဆင်မပြေဘူး။ တချို့ ပူတာအိုကနေ မြစ်ကြီးနားဆင်းဖို့ တစ်လကြိုပြီး လက်မှတ်ဖြတ်တာတောင် မရ ဘူး။ လေယာဉ်လာတဲ့ အကြိမ်ရေက အရမ်းနည်းတော့ အဆင်မပြေဘူး။ ခရီးသွားကများပြီး လေယာဉ်ခုံက နည်းနေတာ။ အရင် ကားလမ်းနဲ့ အဆင်ပြေပြေသွားလာလို့ရတဲ့အချိန်တောင် လေယာဉ်က တစ်ပတ်ကို သုံး-လေးခေါက် လာနိုင်သေးတယ်” ဟု အခြား ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်အာဏာမသိမ်းမီ ကာလက ပူတာအို - မြစ်ကြီးနား ကားလမ်းအတိုင်း လွတ်လပ်စွာ သွားလာနိုင်ခဲ့သလို လေကြောင်းလိုင်းများသည်လည်း တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၄ ကြိမ်အထိ ပြေးဆွဲပေးခဲ့ ခြင်း ဖြစ်သည်။

အခြား ဒေသခံအမျိုးသမီးတစ်ဦးကလည်း “လေယာဉ်ကလာတယ်။ ပုံမှန်တစ်ပတ်တစ်ခါပေါ့။ အများဆုံး တစ်ပတ်နှစ်ခါလာတယ်။ မလောက်ဘူး။ ကားလမ်းနဲ့ ခရီးသွားလို့မရတော့ အနည်းဆုံး နှစ်ခေါက်၊ သုံးခေါက် ကတော့ ပုံမှန်လာပေးသင့်တယ်။ ဒါမှ အဆင်ပြေမှာ” ဟု ပြောသည်။

လက်ရှိ ပူတာအိုနှင့် မြစ်ကြီးနားအကြားတွင် Myanmar National Airlines (MNA)၊ Myanmar Airways International (MAI) နှင့် မန်းရတနာပုံ လေကြောင်းလိုင်းများ ပြေးဆွဲပေးနေပြီး လေယာဉ်လက်မှတ် ဈေးနှုန်း မှာ ကျပ် ၅ သိန်းကျော်မှ ကျပ် ၆ သိန်းကျော်အထိ ရှိနေသည်။

စစ်အုပ်စုတပ်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ အသက် ၁၅ နှစ်မှ ၃၀ အောက် လူငယ်များကို ကားလမ်းသွားလာခွင့် ပိတ်ပင်ခဲ့ဖူးသလို ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ထောက်ခံစာပါမှ သွားလာခွင့်ပြုခဲ့ရာမှ ယခုအခါ အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီးသွားများကို ကားလမ်းမှ သွားလာခွင့် ထပ်မံ ပိတ်ပင်ထားခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...