ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ် ပွားမှု မြင့်တက်နေပြီး စစ်အုပ်စုက သွားလာခွင့် ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ ဒုတိယပတ်မှစ၍ မူဆလင်ကျေးရွာများ၊ ဒုက္ခသည်စခန်းများနှင့် မြို့နယ်ရပ်ကွက် အချို့တွင် ဝမ်းရော ဂါ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိ ရှိလာနေသည်။
“ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ကတည်းက အသွားအလာ ကန့်သတ်တာတွေလည်း ရှိတယ်။ ဖြစ်တဲ့သူက ရာနဲ့ချီ ရှိမယ်။ အခက်အခဲတွေကတော့ အများကြီးပေါ့” ဟု စစ်တွေမြို့နယ်မှ မူဆလင် အမျိုးသားတစ်ဦးက ပြောသည်။
စစ်အုပ်စုတပ်က မူလကတည်းက မြို့တွင်း လုံခြုံရေးကို တိုးမြှင့်ထားသည့်အပြင် လက်ရှိတွင် ဝမ်းရောဂါ အကြောင်းပြကာ သွားလာခွင့်ကိုပါ ထပ်မံကန့်သတ်လိုက်သဖြင့် ဒေသခံများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာ တွင် အခက်အခဲများ ကြုံတွေ့နေရသည်။
ထို့ပြင် စစ်တွေမြို့နယ်အတွင်း ဝမ်းရောဂါကြောင့် သေဆုံးသူများလည်း ရှိနေပြီး မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများမှ အများဆုံးဖြစ်ကြောင်း ဆိုသည်။
“Camp တွေမှာ နေတဲ့သူတွေကို ဆေးဝါးကုသမှုပေးတာတွေ လုပ်ပေးတဲ့အဖွဲ့တွေ ရှိတယ်။ ဒါပေမဲ့ ခံနိုင်ရည် မရှိတဲ့ ကလေးတွေကတော့ သေသွားတာတွေလည်း ရှိတယ်။ အခုက အများစု ပြန်ကောင်းလာကြပြီ” ဟု အခြား မူဆလင် အမျိုးသားတစ်ဦးက ပြောသည်။
ဝမ်းပျက်ဝမ်းလျှော ရောဂါသည် အစားအစာနှင့် သောက်သုံးရေမှတစ်ဆင့် ကူးစက်နိုင်ပြီး ကိုယ်ခံအားနည်း သူများအတွက် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက သတိပေးထားသည်။
လက်ရှိတွင် စစ်တွေမြို့ကို စစ်အုပ်စုက လုံခြုံရေး တိုးမြှင့်ကန့်သတ်ထားသဖြင့် ဒေသခံများမှာ ကျန်းမာရေးနှင့် စားဝတ်နေရေး အပါအဝင် အထွေထွေ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။







