မော်လမြိုင်၌ လမ်းများ ဆိုးဝါးစွာ ပျက်စီးနေသော်လည်း စစ်အုပ်စု မပြင်ဆင်ဘဲ လျစ်လျူရှုထား

မော်လမြိုင်၌ လမ်းများ ဆိုးဝါးစွာ ပျက်စီးနေသော်လည်း စစ်အုပ်စု မပြင်ဆင်ဘဲ လျစ်လျူရှုထား

မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု ဆိုးဆိုးရွားရွား ပျက်စီးနေသော်လည်း စစ်အုပ်စု လက်အောက်ခံ မွန်ပြည်နယ် အစိုးရအဖွဲ့က မပြင်ဆင်ဘဲ လျစ်လျူရှုထား ကြောင်း ဒေသခံများက ပြောသည်။

ပြည်ထောင်စု လမ်းပိုင်းများ အပါအဝင် မြို့၏ အဓိကကျသည့် လမ်းမကြီးများ၊ လမ်းသွယ်များနှင့် လမ်းကြား များပါမကျန် မိုးရွာသွန်းမှုနှင့်အတူ ပြင်ဆင်မှု မရှိခြင်းကြောင့် ချိုင့်ခွက်များ ဖြစ်ပေါ်ကာ ဆိုးဆိုးရွားရွား ပျက်စီး နေသဖြင့် သွားရေးလာရေး အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ လမ်းပိုင်းများ ပျက်စီးနေသော်လည်း စစ်အုပ်စု လက်အောက်ခံ လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့က ပြင်ဆင်မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးပေ။

ဒေသခံ ယာဉ်မောင်း တစ်ဦးက “ပျက်စီးနေတာက တော်တော်လေး ပျက်စီးနေတယ်။ ကုလားဈေးဘက်တွေ ရော ဖက်ခင်းဘက်တွေရော လမ်းတွေ ပျက်တဲ့ အတွက် ကျွန်တော်တို့လို ယာဉ်မောင်းတွေအတွက် လမ်းသွားရ တာ စိတ်အနှောင့်အယှက် ဖြစ်တယ်။ ပြီးရင် ကြန့်ကြာတယ်။ လမ်းတွေကတော့ ပြန်မပြင်ပါဘူး။ ဒီအတိုင်းက ဒီအတိုင်းပါပဲ။ ဒုံရင်းက ဒုံရင်းပါပဲ” ဟု ပြောသည်။

ထို့ပြင် လမ်းများ ပျက်စီးနေသဖြင့် ချိုင့်ခွက်အတွင်း ဝင်တိုးမိကာ ဆိုင်ကယ် တိမ်းမှောက်မှုများ ရှိသလို၊ ချိုင့် ခွက်များကို ရှောင်ကွင်း မောင်းနှင်ရာမှ ယာဉ်မတော်တဆမှုများပါ ဖြစ်ပွားနေကြောင်း ၎င်းက ဆက်ပြောသည်။

စည်ပင်သာယာရေးအဖွဲ့က လမ်းများကို ပြင်ဆင်ပေးခြင်း မရှိသည့်အပြင် မိမိတို့သဘောဖြင့် လှူဒါန်း ပြင်ဆင်မှု ကိုပင် ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်သည်ဟုဆိုကာ ဌာနဆိုင်ရာများက ပြန်လည်ဖျက်ဆီးသွားမှု ရှိကြောင်း ဒေသခံများက ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း “စည်ပင်က လမ်းတော့ မပြင်ဆင်ဘူးပေါ့နော်။ ဒီမော်လမြိုင် ဒိုင်ဝင်ကွင်း အပိုင်း မှာ လမ်းတော်တော်များများက ပျက်စီးကုန်ပြီ။ လမ်းတွေ ဘာတွေ ပြင်ဖို့တောင်မှ အခု တချို့ နည်းနည်း ကြီး ကြီး မားမားဟာဆိုရင် ကိုယ့်သဘောနဲ့ကို လှူရင်းဒါန်းရင်းနဲ့ ပြင်လို့တောင် မရဘူး။ အဲလိုမျိုး ပြင်လို့ရှိရင် ငါတို့ ခွင့်ပြု ချက် ဘယ်သူ့ဆီက တောင်းပြီး လုပ်တာလည်း ဆိုတာ ပြောပြီးတော့ လုပ်ထားပြီးသား အကောင်းကိုတောင်မှ ပြန်ဖျက်သွားတယ်” ဟု ပြောသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စစ်အုပ်စု လက်အောက်ခံ မွန်ပြည်နယ် အစိုးရအဖွဲ့သည် ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း ၇၆,၄၀၀ ကျော် သုံးစွဲခွင့် ရရှိထားပြီး၊ ယင်းအနက် စည်ပင်သာယာရေးအဖွဲ့နှင့် လမ်းဦးစီးဌာနတို့သည် ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း ၁၀,၀၀၀ ကျော်စီဖြင့် အများဆုံး သုံးစွဲခွင့် ရရှိထားခြင်းဖြစ်သည်။

လက်ရှိတွင် လမ်းများ ပျက်စီးနေမှုအပေါ် ဒေသခံများက ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ချိုင့်ခွက်များကို မြေဖို့ပေး ခြင်း၊ သဲကျောက် ထည့်ပေးခြင်းနှင့် ယာဉ်မောင်းများ သတိပြုနိုင်ရန် အမှတ်အသားများ ပြုလုပ်ပေးနေရသည်။

မော်လမြိုင်မြို့အား စစ်အုပ်စုခန့် မွန်ပြည် ဝန်ကြီးချုပ် ဦးအောင်လင်းသန်းက Smart City ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ကြွေးကြော်ထားသော်လည်း လက်ရှိတွင် ပျက်စီးနေသည့် လမ်းများကို ပြင်ဆင်ပေးခြင်း မရှိသည့်အပေါ် ဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ဓာတ်ပုံ - CJ

September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...
ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...
September 1, 2026
၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်ရှိ...