စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း တားဆီးထိန်းချုပ်ရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရနှင့် စစ်အုပ်စုတပ်တို့ကြား ခပ်စိပ်စိပ် ဆွေးနွေးလာကြ ကြောင်း နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာ များတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်း၌ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည် ရက်ပိုင်းခြား၍ နေပြည်တော်သို့ လာရောက်ကာ စစ်အုပ်စုတပ် တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုများအတွင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့အပြင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှု တားဆီးထိန်းချုပ်ရေး၊ သတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အပြန်အလှန် ပေးပို့ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း စစ်အုပ်စု တပ်က ထုတ်ပြန်ထားသည်။
အဆိုပါ ဆွေးနွေးမှုအပေါ် ထိုင်းဘက်က လက်နက်ခဲယမ်းနှင့် ပတ်သက်၍ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်လာ သည့် အနေအထားတွင် တော်လှန်ရေးတပ်များဘက်က လမ်းကြောင်းသစ် ရှာဖွေထားသင့်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က အကြံပြုသည်။
“ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တော်တော်များများကတော့ ယိုးဒယား (ထိုင်း) နယ်စပ်ကနေပဲ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းတွေကို သယ်ဆောင်ကြတာပေါ့။ အဲဒီအတွက် စစ်တပ်ကလည်း တားဆီးမှုတွေ ရှိတယ်။ အခု ထိုင်းဘက်ကပါ လက်နက်ခဲယမ်းနဲ့ ပတ်သက်ပြီးတော့ ကြပ်ကြပ်မတ်မတ် လုပ်လာတဲ့ အနေအထားမျိုးမှာ ကျနော်တို့ အရင်လမ်းကြောင်းတွေကို မသုံးဘဲ လမ်းကြောင်းသစ် အနေအထားသစ် နယ်မြေသစ်တွေ ကျနော် တို့ တော်လှန်ရေးတပ်တွေဘက်က ကြိုပြီးတော့ ရှာထားသင့်တယ်လို့ မြင်ပါတယ်ဗျ။”
ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်၌ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အတွင်း နယ်စပ်မှ လက်နက်ခဲယမ်း လမ်းကြောင်းများကို ဖြတ်တောက်ပေးရန် ထိုင်းဝန်ကြီးချုပ် အနုတင်ထံ တောင်းဆိုခဲ့သည်။
စစ်အုပ်စုတပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကလည်း နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် လက်နက်ခဲယမ်း မှောင်ခိုရောင်း ဝယ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်သည့် ခရီးစဉ်အတွင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည် ဩဂုတ်လ ၂၇ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော်သို့ လာ ရောက်ပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုများသည် နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် လက်နက်ခဲယမ်း သယ်ယူရောင်းဝယ်ရေး လမ်းကြောင်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် ထပ်မံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
လေ့လာသူများကမူ ထိုင်း-မြန်မာ နယ်စပ်ဒေသအတွင်း အခြေစိုက်လှုပ်ရှားနေကြသည့် လက်နက်ကိုင် တော်လှန် ရေး အင်အားစုများအပေါ် အကြီးမားဆုံး သက်ရောက်မှု ဖြစ်လာစေရန် စစ်အုပ်စုတပ်က ထိုင်းနှင့် ပူးပေါင်း၍ ကြိုးပမ်းလာခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။
ထို့ပြင် နယ်စပ်မှ ဝင်ရောက်လာသည့် လက်နက်ခဲယမ်း စီးဆင်းမှု လမ်းကြောင်းများကို ပိတ်ပင်လိုခြင်းနှင့် တော် လှန်ရေး အင်အားစုများကို ထောက်ပံ့နေသည့် ထောက်ပို့သမားများကိုပါ တားဆီးထိန်းချုပ်နိုင်ရန် ဆောင်ရွက် လာခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
ထိုင်း-မြန်မာ နယ်စပ်သည် ကီလိုမီတာ ၂၄၀၀ ကျော် ရှည်လျားပြီး မြန်မာနိုင်ငံဘက်မှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့အချို့နှင့် ထိုင်းနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ် နေသည်။
ဒီလိုအနေအထားတွင် စစ်အုပ်စုတပ်ဘက်က ဘယ်လိုပဲ ကြိုးစားကြိုးစား အရာထင်မည် မဟုတ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ၏ နည်းဗျူဟာမှူး စောဒါးကိုက ပြောသည်။
“ဘယ်နည်းလမ်းနဲ့ ထိန်းချုပ်မလဲ၊ ဘယ်နည်းနဲ့ တားဆီးမလဲ။ ကြိုက်တဲ့ အပေါက်ဝင် ကြိုက်တဲ့အပေါက်က ထွက်လို့ရတဲ့ဟာကြီးပဲ ဟုတ်တယ် မဟုတ်လား။ ဒါတော့ သူက (စစ်အစိုးရ) အဲဒီလို ထုတ်ပြန်တာတော့ ကျနော် တို့ တော်လှန်ရေးတပ်ဘက်က အခက်အခဲ ရှိသွားမယ်၊ ဒီလိုလုပ်လိုက်မယ်ဆိုရင် ကျနော်တို့ကို အကြောက် တရား လာထည့်တာလေ၊ စိုးရိမ်စိတ်တွေ လာထည့်တာ။ ဘယ်ရမလဲ ကျနော်တို့တတွေ အားလုံးက ဘာမှကို ဂရုမစိုက်ဘူး။ ကျနော်တို့ဘက်ကနေပြီးတော့ စိတ်မပူထိဘူးပေါ့နော်။ အဲဒီအတွက်လည်းပဲ သူ ကြိုက်သလိုလုပ် ကျနောတို့ဘက်ကတော့ အေးအေးဆေးဆေးပဲလို့ အဲဒါလေးပဲ ပြောချင်ပါတယ်ဗျ။”
တူမီးနှင့် စတင်ခဲ့သည့် နွေဦးတော်လှန်ရေးတွင် တစ်နိုင်ငံလုံး၌ ရှိသော တော်လှန်ရေးတပ်ဖွဲ့များ ကိုင်ဆောင်ထား သည့် လက်နက် အရေအတွက်၏ ၇၀ ရာခိုင်နှုန်းခန့်သည် စစ်အုပ်စုတပ်ထံမှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
နွေဦးတော်လှန်ရေး၏ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး တိုက်ပွဲများနှင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်အုပ်စု တပ်ဘက်မှ တိုင်းစစ်ဌာနချုပ် ၂ ခု အပါအဝင် တပ်စခန်းများစွာ လက်လွှတ်ခဲ့ရသည့် ဖြစ်စဉ်တွင် လက်နက်ခဲ ယမ်း စုံလင်စွာ သိမ်းဆည်းခံခဲ့ရသည်။
လက်ရှိတွင်လည်း နှစ်ဖက် ထိတွေ့တိုက်ပွဲများ၌ စစ်အုပ်စုတပ်ဘက်မှ အရေးနိမ့်သည့်အခါ လက်နက်ခဲယမ်းနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သိမ်းဆည်းရမိသည့် ဖြစ်စဉ်များလည်း ဆက် လက်ရှိနေသည်။
လက်နက်ခဲယမ်း တားဆီးထိန်းချုပ်ရေးနှင့် ပတ်သက်၍ ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် အခြေစိုက်လှုပ်ရှား နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များသည် အားလုံးနှင့် ထိတွေ့ ဆက်ဆံမည်ဆိုသည့် ထိုင်းအစိုးရ၏ မူဝါဒကြောင့် မတူညီသည့် အမြင်များ ရှိနေကြခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် ခရီးစဉ်အတွင်း စစ်အုပ်စုတပ်၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးတို့ကို သီးခြားစီ တွေ့ဆုံခဲ့သေးသည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး အပါအဝင် နိုင်ငံဖြတ် ကျော် မုခင်းများ၊ မူးယစ်ဆေးဝါးများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု အရှိန်အဟုန်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း စစ်အုပ်စုတပ်က သတင်းထုတ်ပြန်ထားသည်။







