ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်အုပ်စုတပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း PDF–Zoland သတင်းမှန် ပြန်ကြားရေးထံမှ သိရသည်။
ချင်းပြည်နယ်၊ ထန်တလန် စစ်မျက်နှာမှ နောက်တန်းစခန်းသို့ Forland ကား ၃ စီးနှင့် ၁၂ ဘီးကား ၁ စီးဖြင့် ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။
တီးတိန်မြို့နယ်အခြေစိုက် PDF–Zoland သတင်းမှန် ပြန်ကြားရေးမှ စီစွမ်းက “တီးတိန်အဝင်နားမှာ မိုင်းဆွဲခဲ့ တာပါ။ အထိအခိုက်အကျအဆုံးရှိပါမယ်။ အတိအကျ မသိရသေးပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။
ထန်တလန် စစ်မျက်နှာတွင် တာဝန်ကျခဲ့သည့် တီးတိန်မြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် (၂၆၉) မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ဖလမ်း-သိုင်းငင်းလမ်းမှတစ်ဆင့် တီးတိန်မြို့သို့ ပြန်လာစဉ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်အုပ်စုတပ် ကားကို အသင့်ထောင်ထားသည့် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည့် ဗီဒီယို ရုပ်သံကိုလည်း PDF–Zoland က ထုတ်ပြန်ထားသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများ မရှိခဲ့ဘဲ တော်လှန်ရေး ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက် ထိန်းချုပ်ထားသည့် ထန်တလန်မြို့ကို စစ်အုပ်စုက ဇွန်လဆန်းပိုင်းမှစ၍ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ဇူလိုင်လ ၁၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာထားသည်။
သို့သော် မြို့အတွင်းရှိ နယ်မြေအများစုကို လက်လွှတ်ခဲ့ရသော်လည်း မြို့ပေါ်နယ်မြေအချို့နှင့် မြို့နယ်အတွင်း နယ်မြေအချို့ကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ချင်းကာကွယ်ရေးအဖွဲ့ (ထန်တလန်) တာဝန်ရှိသူက ထုတ်ဖော် ပြောကြားထားသည်။
စစ်အုပ်စုသည် ၎င်းတို့ လက်လွှတ်ခဲ့ရသော ဖလမ်းမြို့ကို ၆ လအကြာ ထိုးစစ်ဆင်ပြီး ဧပြီလ ၂၅ ရက်တွင် ပြန်လည်သိမ်းပိုက်ခဲ့ကာ တွန်းဇံမြို့ကိုလည်း မေလ ၂၀ ရက်တွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားဆဲဖြစ်သည့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်ခေါ်ဒါရ် မြို့ကိုလည်း စစ်အုပ်စုက ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
တီးတိန်မြို့နယ်၊ ကနေဒီတောင်နှင့် တီးတိန်မြို့အကြား ထွက်ခွာလာသည့် စစ်ကြောင်းကို ဇူလိုင်လ ၂၁ ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဘက်မှ ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း PDF–Zoland က ထုတ်ပြန်ထားသည်။
သေဆုံးသူများထဲတွင် ဇိုမီးတော်လှန်ရေးတပ် (ZRA–EC) မှ တပ်သား ၃ ဦး ပါဝင်ကြောင်းနှင့် ယင်းတိုက်ပွဲသည် စစ်အုပ်စုနှင့် ၎င်းတို့အကြားသာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း PDF–Zoland က ဆိုထားသည်။







