လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ ကွက် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာန (MSLHA) က ထုတ်ပြန်သည်။
ယနေ့ ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်သည့် ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်အရ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မုတ်သုံလေ အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနေကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ယနေ့မှစ၍ စက်တင်ဘာလ ၆ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြထားပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်၊ ချင်းပြည်နှင့် ရခိုင်ပြည်တို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း အသိပေးထားသည်။
စစ်အုပ်စု၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ကလည်း မုတ်သုံလေနှင့် လေဖိအားနည်း ရပ်ဝန်းကြောင့် နိုင်ငံတစ်ဝန်း စက်တင်ဘာလ ၄ ရက်နေ့အထိ မိုးရွာနိုင်ပြီး ဒေသအချို့တွင် နေရာကွက် မိုးကြီးနိုင် ကြောင်း ယနေ့ ထုတ်ပြန်သည့် မိုးကြီးမည့် သတိပေးချက်တွင် ဖော်ပြသည်။
စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေသည့် သံလွင်မြစ်ရေသည် ဘားအံမြို့၌လည်းကောင်း၊ စစ်တောင်း မြစ်ရေသည် မဒေါက်မြို့၌လည်းကောင်း နောက်တစ်ရက်အတွင်း ၂ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။
အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့နှင့် သောင်ရင်းမြစ်ရေသည် မြဝတီမြို့ တို့၌ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး ဒေသအချို့တွင် ရေကြီးသည့် ကာလကြာမြင့်လာသည်နှင့်အမျှ အခက်အခဲများကို ရင်ဆိုင်နေကြရသည်။
တာကျိုးမှုကြောင့် ရေလွှမ်းမိုးမှု တစ်လကျော်ကြာမြင့်လာသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နှင့် အနီးပတ် ဝန်းကျင်ဒေသများတွင် ရေအနည်းငယ် ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ရေဘေးဒဏ်ကို ဆက်လက် ကြုံတွေ့နေရဆဲဖြစ်သည်။
မိုးလေဝသဆိုင်ရာ လေ့လာသူ ဦးဝင်းနိုင်က “ငဝန်မြစ် တာကျိုးမှုကြောင့် ရေကြီးရေလွှမ်းမိုးနေသော လေးမျက် နှာမြို့နယ်နှင့် မြစ်ဝကျွန်းပေါ် အလယ်ပိုင်းဒေသများတွင် ခုနစ်ရက်အတွင်း စုစုပေါင်း မိုးရေချိန် 83mm မှ 168mm ခန့် ဆက်လက် ရွာသွန်းနိုင်မည် ဖြစ်သည်။ စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှ စီးဆင်းလာ သော အထက်မြစ်ရေဆင်းလှိုင်းများကြောင့် ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် တာကျိုးသည့် level အထက် တွင် ဆက်လက် ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် လေးမျက်နှာမြို့နယ်အတွင်း ရေကျဆင်းမှုမှာ နှေးကွေးနေ မည်ဖြစ်ပြီး၊ ဝင်ရောက်ပြီးရေများပြန်ထွက်နိုင်မှုနည်းနေသေးသဖြင့် ဒေသတွင်း ရေလွှမ်းမိုးမှု အခြေအနေ ဆက်လက် ရှိနေဦးမည်ဖြစ်ပါသည်” ဟု ပြောသည်။
လက်ရှိတွင် ကရင်ပြည်၊ ရှမ်းပြည်နှင့် တနင်္သာရီတိုင်းတို့၌ မြစ်ရေမြင့်တက်မှုနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် ရေကြီးမှုများဖြစ်ပွားကာ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်။
ယခုရက်ပိုင်းတွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးချက်များရှိနေသဖြင့် မြစ်ကမ်းအနီး နေထိုင်သူများ အပါအဝင် ပြည်သူများအနေဖြင့် မိုးလေဝသထုတ်ပြန်ချက်များကို အထူးဂရုပြုစောင့်ကြည့်၍ ရေဘေးအန္တရာယ်ကို သတိပြုရှောင်ရှားကြရန် မိုးလေဝသဌာနများက အကြံပြုထားသည်။







