ရွှေပြည်တော် မျှော်တိုင်းဝေးသည့် ၇၉ နှစ်ကြာ မွန်တော်လှန်ရေး

ရွှေပြည်တော် မျှော်တိုင်းဝေးသည့် ၇၉ နှစ်ကြာ မွန်တော်လှန်ရေး

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို မလွဲမသာ လျှောက်လှမ်းခဲ့ကြသည့် မွန်တို့၏ တော်လှန်ရေးသည် နှစ်ပေါင်း ၇၉ နှစ်ကြာသည့်တိုင် အောင်ပွဲမရရှိသေးပေ။

သို့ဖြစ်ရာ မွန်လူထုတစ်ရပ်လုံးအနေဖြင့် အပြီးသတ်အောင်ပွဲရရှိရေးအတွက် အင်အားစုအသွင်ဖြင့် ကျရာ ကဏ္ဍမှ စုစည်းတော်လှန်ကြရန်နှင့် တတ်နိုင်သမျှ ပါဝင်ကူညီကြရန် ဩဂုတ် ၂၈ ရက်နေ့တွင် ကျရောက်သည့် ၇၉ နှစ်မြောက် မွန်တော်လှန်ရေးနေ့၌ မွန်တော်လှန်ရေးအင်အားစုများက တိုက်တွန်းကြသည်။

မွန်တော်လှန်ရေးသမိုင်းကို လေ့လာပါက ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်နှင့် အမျိုးသားရေး အခွင့်အရေးများ ရရှိရန် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ် ၂၇ ဦးတို့ ဦးဆောင်၍ ကရင်ပြည်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

မွန်လူငယ်တစ်စုမှ စတင်ခဲ့သော အဆိုပါလက်နက်ကိုင်တော်လှန်ရေးသည် ခက်ခဲကြမ်းတမ်းမှုများနှင့်အတူ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ရသော်လည်း ဆယ်စုနှစ်များစွာ ကြာမြင့်လာသည်အထိ အန္တိမရည်မှန်း ချက်များနှင့် ဝေးကွာနေဆဲဖြစ်သည်။

တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ မူလတော်လှန်ရေးရည်မှန်းချက်များအပေါ် ပုဂ္ဂလိက အကျိုးစီးပွားများ လွှမ်းမိုးမလာစေရန် သတိချပ်သင့်ကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MLMU-SU) နှင့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တို့က ထောက်ပြကြသည်။

လက်နက်ကိုင်တော်လှန်ရေး၏ အန္တိမနိုင်ငံရေးရလဒ်ကို အဖိနှိပ်ခံတို့၏ သွေးစည်းညီညွတ်မှုဖြင့် အပြီးသတ် အောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်းလည်း မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် ပူးတွဲထုတ်ပြန် ချက်တွင် တိုက်တွန်းထားသည်။

စစ်အုပ်စု၏ ၂၀၂၁ အာဏာသိမ်းမှုမှ ပေါ်ပေါက်လာသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွင် မွန်လူငယ်မျိုးဆက်သစ်များသည် လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေကြသည်။

ယင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ် ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် မွန်ပြည်တည်ဆောက်ရေးအတွက် ဖြစ်သည်။

ပြန့်ကြဲနေသည့် အင်အားစုများကို စုစည်း၍ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရန်နှင့် ပြည်သူကို ကာကွယ်ပေးနိုင်ရန် မွန်ပြည်တော်လှန်ရေးအစိုးရတစ်ရပ် လိုအပ်ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ပြောခွင့်ရ နိုင်ပီတာက သံလွင်တိုင်းမ်သို့ ပြောကြားသည်။

“အဓိက ပြန့်ကြဲနေတဲ့ အင်အားတွေ ပြီးတော့ အဖွဲ့အစည်းတွေ တစ်ညီတစ်ညွတ်တည်း တစ်စုတစ်စည်းတည်းနဲ့ ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက်နိုင်ဖို့ ပေါ့။ နောက်ပြီးတော့ ပြည်သူတွေကို ကာကွယ်နိုင်ဖို့ကလည်း အရေး ကြီးတာပေါ့။ လက်ရှိ စစ်အုပ်စုရဲ့ဖိနှိပ်မှုတွေကြားထဲမှာဆိုရင် ရုန်းကန်နေရတဲ့ ပြည်သူတွေ နောက်ပြီး စစ်အုပ် စု စစ်ကြောင်းထိုးလာလို့ရှိရင်လည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ ကာကွယ်ဖို့ အားကိုးရ မယ့်လူ (မွန်ပြည်တော်လှန်ရေးအစိုးရ) လိုတာပေါ့။”

စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာကျကျ ဖော်ဆောင်ကာ တော်လှန်ရေးကာလ မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးထူထောင်ကြရန် မွန်ပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများကို လူငယ် အင်အားစုများက တိုက်တွန်းထားသည်။

ထို့ပြင် စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုများတွင် တော်လှန်လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် တော်လှန် ရေးလုပ်ငန်းစဉ်များကို မွန်ပြည်သူများထံ ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြကြရန်လည်း မော်လမြိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ရာမညဖက်ဒရယ်အင်အားစုသစ်တို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် စစ်အုပ်စုသည် အရပ်သားအများဆိုင်ရာ ပစ်မှတ်များကို ဦးတည်သည့် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုများအပြင် အဓမ္မ စစ်မှုထမ်းစုဆောင်းမှုများကို ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိသည်။

တစ်ဖက်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းနှင့် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် PDF များကို လက်နက်ချရန် ကမ်းလှမ်းခြင်း စသည့် သွေးခွဲရေးဗျူဟာများကို ကျင့်သုံးနေ သည်။

ထိုလုပ်ရပ်များမှာ ပြောင်းလဲခြင်းမရှိသည့်အတွက် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ရန် မွန်တစ်မျိုးသားလုံး ၏ စည်းလုံးညီညွတ်မှု အဓိကကျကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD / ရာမညမွန်တပ်တော် ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

“ဒါတွေဟာ သူတို့ရဲ့ နဂိုမူလ အလုပ်တွေပါပဲ။ ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူးခင်ဗျ။ ကျနော်တို့ရဲ့ သဘောထားကတော့ စစ်အာဏာရှင်စနစ်နဲ့ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုက်ဖျက်နိုင်မှသာ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒီအခြေအနေအောက်မှာ အဓိက ကျတဲ့ အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ ကျနော်တို့ မွန်တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုပေါ့။ ကျနော်တို့အတွင်းမှာ အမြင်တူတာရော မတူတာရော ရှိမှာပေါ့ဗျာ။ အမြင်တူတာတွေကို ပူးပေါင်းလုပ်ဆောင်ပြီး အမြင်မတူတာတွေကို ညှိနှိုင်းဆောင်ရွက်ပြီး မွန်အမျိုးသားအလံတော်အောက်မှ တစုတစည်းတည်း တိုက်ပွဲဝင်သွားဖို့ လိုအပ်မယ်လို့ မြင်တယ်။”

NMSP-AD / ရာမညမွန်တပ်တော် အနေဖြင့် စစ်အာဏာရှင်ကို တိုက်ဖျက်ရန် ခိုင်မာသည့် တပ်ပေါင်းစုတစ်ရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေသကဲ့သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကလည်း မွန်လက်နက်ကိုင် အဖွဲ့ အစည်းများအကြား စစ်ရေးအရ ပူးပေါင်းမှုများကို ခိုင်မာအောင် တည်ဆောက်သွားမည်ဟု ထုတ်ပြန်ထား သည်။

ထို့ပြင် MSFC အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းကာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသွင်ကူးပြောင်းရေး ကာလ အစီအမံများနှင့် မွန်ပြည်တော်လှန်ရေးချာတာ ရေးဆွဲရေးကိစ္စများကို လုပ်ဆောင်နေကြောင်း MSFC ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ပြောသည်။

“ကျနော်တို့ မွန်ပြည်အတွင်းမှာရှိတဲ့ အင်အားစုတွေနဲ့လည်း တော်လှန်ရေးချာတာရေးဆွဲဖို့ ကိစ္စရပ်တွေ ဆောင် ရွက်နေတယ်။ ဒါကလည်း တစ်နေ့ကျရင် ဖက်ဒရယ်ပြည်ထောင်စု တည်‌ဆောက်ရေးမှာ မွန်ပြည်အနေနဲ့ ပြည် နယ်ယူနစ်တစ်ရပ်အနေနဲ့ ပါဝင်ဖို့ ကျနော်တို့ ပြင်ဆင်ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါက တော်လှန်‌ရေး ကာလ အသွင်ကူးပြောင်းရေးကာလနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကာလတွေမှာ အခြေခံမူတွေ နောက် ကျနော်တို့ရဲ့ သဘောထားတွေ ပြင်ဆင်ဆောင်ရွက်နေတာ ရှိပါတယ်။”

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လုပ်ငန်းစဉ်များ အောင် မြင်ရေးသည် အားလုံး၏ တာဝန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ က ပေးပို့သည့် မွန်တော်လှန်ရေးနေ့ သဝဏ်လွှာတွင် တိုက် တွန်းထားသည်။

ဓာတ်ပုံ - (RMA / Crd)

August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...
ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...