စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သက်တမ်း၌ တိုင်းပြည် တိုးတက်လာရန် မရှိဟု သုံးသပ်

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သက်တမ်း၌ တိုင်းပြည် တိုးတက်လာရန် မရှိဟု သုံးသပ်

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း တိုင်းပြည် တိုးတက်လာရန် မရှိကြောင်း နိုင်ငံရေး သုံးသပ်သူ အများစုက ပြောဆိုလိုက်သည်။

စစ်အာဏာသိမ်း ၅ နှစ်တာ ကာလအတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး အပါအဝင် ကဏ္ဍအသီးသီး၌ ဆုတ်ယုတ် ပျက်စီးခဲ့ရသည်။

လက်ရှိ ကာလတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်မည် မဟုတ်သေးကြောင်းနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း တိုးတက်ပြောင်းလဲမှု မရှိသေးကြောင်း မွန်နိုင်ငံရေးသမားတစ်ဦးက IMNA သို့ ပြောသည်။

၎င်းက “ဒီ ၅ နှစ် အခြေအနေကတော့ ထွေထွေထူးထူး သိပ်တအား ပြောင်းလဲဖို့တော့ မမြင်သေးဘူး။ ကျနော် ထင်တယ်ပေါ့နော်။ အဓိကတော့ စီးပွားရေးပိုင်း ကြည့်ရင်တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကျနော်တို့ အိမ်နီးချင်း ရင်းနှီးမြှုပ်နှံမှုတွေ ခါတိုင်းလိုမျိုး ဦးသိန်းစိန်တို့လိုမျိုး ကိုယ့်အနီးအနား ဝန်းကျင်နိုင်ငံက ရင်းနှီး မြှုပ်နှံမှုတွေ သိပ်မရဘူးလေ” ဟု ပြောသည်။

လာမည့် ၅ နှစ်အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် မရှိသဖြင့် စီးပွားရေး တိုးတက်လာမည် မဟုတ်သည့်အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း ထူးခြားစွာ ပြောင်းလဲတိုးတက်လာမည့် အနေအထား မမြင် တွေ့ရသေးကြောင်း အဆိုပါ မွန်နိုင်ငံရေးသမားက ဆက်ပြောသည်။

“ဦးသိန်းစိန်ခေတ်က ဘာပဲပြောပြော တချို့ EAO တွေနဲ့ တွေ့ဆုံဆွေးနွေး ပြည်နယ်အဆင့် သဘော တူညီချက် တွေ ပြီးတဲ့အခါကျမှ ပြည်ထောင်စုအဆင့် NCA ပေါ်တဲ့အထိကို ရေးဆွဲလာကြတယ်။ ဒီသက်တမ်း ၅ နှစ်က တော့ အဲလိုမျိုးကြီးလည်း ပြောင်းလဲတိုးတက်မယ်လို့လည်း ကျနော် မမြင်သေးဘူးပေါ့။”

ထို့ပြင် ပြည်တွင်း၌ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေသည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေ သကဲ့သို့ တိုင်းပြည် တည်ငြိမ်ရေး ကိစ္စရပ်များလည်း တိုးတက်ပြောင်းလဲရန် မရှိနိုင်ကြောင်း ၎င်းက ဆက် ပြော သည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အငြင်းပွားဖွယ် ရွေးကောက်ပွဲမှတစ်ဆင့် သမ္မတရာထူးကို ရယူပြီး နောက် အိန္ဒိယ၊ တရုတ်နှင့် ရုရှား အပါအဝင် အိမ်နီးချင်း တိုင်းပြည်များထံ သွားရောက်၍ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။

လက်ရှိတွင် တိုင်းပြည်၌ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး သွင်းကုန်နှင့် ထုတ်ကုန်များ လည်ပတ်ရန် အခက်အခဲ ရှိနေကြောင်း၊ ထို့အတူ နိုင်ငံရေးနှင့် စီးပွားရေး ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှု မတွေ့ရကြောင်း ကချင်နိုင်ငံရေးသမားတစ်ဦးက IMNA သို့ ပြောသည်။

၎င်းက “ဒါက ခန့်မှန်းဖို့တော့ ခက်ပါတယ်။ တိကျတဲ့ မူဝါဒတွေ မတွေ့ရသေးဘူး။ ဘာလုပ်မယ်ဆိုတာ ပီပီပြင် ပြင်လည်း တစ်ခုမှ မတွေ့ရသေးဘူးဆိုတော့ နိုင်ငံတကာကို သွားတယ်။ ဒီလောက်ပဲ တွေ့နေတယ်။ ဒီပြည်တွင်း မှာလည်း ငြိမ်းချမ်းရေးဆိုတာလည်း ငြိမ်းချမ်းရေးကို ပီပီပြင်ပြင် မဆောင်ရွက်နိုင်သေးဘူး။ စီးပွားရေးက လည်း အခုအခြေအနေမျိုးနဲ့ဆိုရင်တော့ ကုန်ဈေးနှုန်းတွေ တက် တယ်။ သွင်းကုန်၊ ထုတ်ကုန်တွေကလည်း အခက်အခဲ ရှိနေတယ်။ ဒါကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံရေးကလည်း တစ်ခုမှ ပွင့်ပွင့်လင်းလင်း ဆောင် ရွက်တာ မတွေ့ရသေးဘူး” ဟု ပြောသည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ စစ်ရေးပဋိပက္ခများသည် လက်ရှိ ၅ နှစ်ကျော် ကာလအတွင်း လျော့ကျ သွားခြင်း မရှိသေးဘဲ နိုင်ငံအနှံ့အပြား၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ လျှပ်စစ်မီး မှန်ကန်စွာ မရရှိခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် မတည်ငြိမ်သော မူဝါဒများကြောင့် ရင်းနှီးမြှုပ်နှံသူများ ရှောင်ရှားနေကြရသည်။

တစ်ဖက်တွင်လည်း မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ ရှိ နယ်စပ်ကုန်သွယ်ရေး အသီးသီးကို စစ်အုပ်စုတပ်နှင့် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများအကြား ထိန်းချုပ်မှု ရရှိရေး အားပြိုင်မှုများလည်း ရှိနေသည်။

စစ်အုပ်စုတပ်က ဦးဆောင်နေသည့် အစိုးရ၏ ၅ နှစ်တာ ကာလအတွင်း တိုင်းပြည်သည် တိုးတက်ပြောင်းလဲလာ စရာ မရှိဘဲ ပိုမို ဆိုးရွားလာနိုင်ကြောင်း ပြည်တွင်း နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

၎င်းက “ကောင်းလာစရာ အကြောင်းမရှိ၊ ကောင်းလည်း မကောင်းခဲ့ဖူးဘူး၊ အတိတ်ကလည်း မကောင်းခဲ့ဖူး ဘူး။ ပစ္စုပ္ပန်လည်း မကောင်းဘူး၊ အနာဂတ်လည်း ပိုဆိုးမယ်။ ပိုဆိုးတာက တရုတ်နဲ့ ရုရှားကို သွားပေါင်းလိုက် တဲ့ အခါကျတော့ အင်အားကြီးဆိုပေမယ့် သူတို့ကလည်း သူတို့ ဒုက္ခနဲ့ သူတို့ ကိုယ့်ကို လာပြီး ကူညီမှာ မဟုတ် ဘူး။ ဘာခေါ်တုန်းဆို‌တော့ သူတို့အကျိုးအတွက်ပဲ သူတို့ လုပ်တာ၊ အဲဒါကိုလည်း သိဖို့လိုတယ်” ဟု ပြောသည်။

လက်ရှိ ဦးမင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု အစိုးရ အဖွဲ့အစည်းအတွင်း အောက်ခြေဝန်ထမ်းမှ အထက် အရာရှိများအထိ လာဘ်စားမှုများ ဖြစ်ပွားနေသဖြင့် ပြည်သူလူထု၏ ယုံကြည်မှု ကင်းမဲ့နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇ ဘီလီယံကျော် ဝင်ရောက်ခဲ့သော်လည်း စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံကျော်သာ ဝင်ရောက်ခဲ့ကြောင်း ISP Myanmar ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့ကြောင့် စစ်အာဏာသိမ်း ၅ နှစ်အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၆ ခုနှစ် တစ်နှစ်တည်းတွင် ဝင်ရောက်ခဲ့သည့် ပမာဏမျှပင် မရှိခဲ့ပေ။ လက်ရှိ ဦးမင်းအောင်လှိုင် ဦးဆောင်သော အသွင် ပြောင်း အစိုးရ၏ ၅ နှစ်တာ ကာလတွင်လည်း တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများမှာ တိုးတက်ပြောင်းလဲလာရန် မရှိကြောင်း နိုင်ငံရေး သုံးသပ်သူများက သုံးသပ်ထားကြ သည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...