လောင်းလုံးတွင် စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် အရပ်သား ၄ ဦးကို စစ်အုပ်စု ပစ်သတ်

လောင်းလုံးတွင် စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် အရပ်သား ၄ ဦးကို စစ်အုပ်စု ပစ်သတ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂ ရက် အတွင်း စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦးကို ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း မြေပြင်သတင်းအရင်းမြစ်များက ပြောသည်။

စစ်အုပ်စု စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက ပြင်းထိန်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အင်အား ၁၀၀ ကျော်ပါ စစ်အုပ်စုတပ်သည် ဝေဒီကျေးရွာသို့ စစ်ကြောင်း ဆက် ထိုးလာစဉ် လမ်းပေါ်ရှိ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

လောင်းလုံး ဒေသခံ အမျိုးသားတစ်ဦးက “အစက ပြင်ထိန်ရွာမှာ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ မနက် ၄ နာရီမှာ စစ်တပ်က ဝေဒီရွာကို စစ်ကြောင်းပြန်ထိုးတယ်၊ အဲ့အချိန်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ မိန်းကလေးကို သူတို့ဖမ်းတယ်။ ဖမ်းတော့ သူက ထွက်ပြေးတယ်၊ ထွက်ပြေးရင်းနဲ့ စစ်တပ်က သူ့ကို ပစ်လိုက်တာ။ သူက စိတ် သိပ်မမှန်ဘူး” ဟု ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၅ နာရီခန့်တွင်လည်း အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် ကုန်းဇရပ်ကျေးရွာ သို့ စစ်ကြောင်းထိုးလာစဉ် နေအိမ်ပေါ်တွင် အိပ်ပျော်နေသည့် အသက် ၉၁ နှစ်အရွယ် အဖိုးအိုတစ်ဦးကို ပစ်သတ်ခဲ့သည့်အပြင် နီးစပ်ရာ နေအိမ်တစ်အိမ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံ အမျိုးသားတစ်ဦးက “ခွေးကဟောင်နေတော့ အဖိုးကြီးက ‌ဟေ့ ခွေးဆိုပြီး အော်လိုက်တာ၊ အဲ့အချိန်မှာ စစ်သားက အဲ့နေရာရှိနေတော့ သူတို့ကို ခွေးလိုပြောတယ်ထင်ပြီး အဖိုးအိမ်ပေါ်တက်ပြီး ပစ်သတ်လိုက်တာ။ ‌ဘေးနားကအိမ်ကိုလည်း မီးရှို့လိုက်တယ်” ဟု ပြောသည်။

ထို့နောက် ကုန်းဇရပ်ရွာအနီးရှိ မဲမော်ရွာဘက်သို့ စစ်ကြောင်း ဆက်လက်ထိုးရာ လမ်းပေါ်တွင် တွေ့ရှိသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ထပ်မံ ပစ်သတ်ခဲ့သည်။

အဆိုပါ သေဆုံးသူ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးမှာ သမီးရည်းစားများ ဖြစ်ကြကြောင်း နီးစပ်သူများက ပြော သည်။

ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီး၏ ရုပ်ကလပ်ကို စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီတွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပြီး အသက် ၉၁ နှစ်အရွယ် အဖိုးအိုကိုမူ လာမည့် စက်တင်ဘာလ ၁၄ ရက်တွင် မီးသင်္ဂြိုဟ်သွားမည် ဖြစ်သည်။

လက်ရှိတွင် မဲမော်ကျေရွာမှ ထွက်ခွာသွားသည့် စစ်အုပ်စု စစ်ကြောင်းသည် မည်သည့်နေရာသို့ ဆက်လက် ဦးတည်မည်ကို မသိရသေးသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး စစ်ကြောင်း အန္တရာယ်ကြောင့် အချို့မှာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။

September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...