မေတ္တာမြို့မှ မယ့်သမီးထအထိ ရေလမ်းကြောင်းကို KTLA သွားလာခွင့်ပိတ်

မေတ္တာမြို့မှ မယ့်သမီးထအထိ ရေလမ်းကြောင်းကို KTLA သွားလာခွင့်ပိတ်

ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း မိုးရာသီကာလ ဒေသခံ ပြည်သူများ အဓိကအားထားရသည့် မေတ္တာမြို့မှ မယ့်သမီးထ (ထီးထာ) အထိ ရေလမ်းကြောင်းအား စက်လှေ များ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ကော်သူးလေအာမီ (KTLA) က ထုတ်ပြန်လိုက်သည်။

အဆိုပါ ရေလမ်းကြောင်းကို ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ ဒီဇင်ဘာလအထိ မည်သည့် စက်လှေမျှ ဖြတ်သန်း သွားလာခွင့် မပြုကြောင်း KTLA ၏ ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်အသိပေးထားခြင်း ဖြစ်သည်။

ထို့ပြင် မေတ္တာမြို့မှ ကမော်သွေးနှင့် မေတ္တာမြို့အထက်ရှိ ပိုးခလိုးခီးအထိ ရေလမ်းကြောင်းကိုလည်း ဒေသခံ ပြည်သူများအနေဖြင့် နေ့လယ်ပိုင်းအထိသာ သွားလာခွင့်ပြုပြီး ညနေပိုင်းတွင် လုံးဝ သွားလာခွင့် မပြုကြောင်း လည်း ထုတ်ပြန်ထားသည်။

ရေလမ်းကြောင်းများအပြင် ကုန်းလမ်းကြောင်းဖြစ်သည့် ကွီးဝဝါမှ မယ့်သမယ်ခီးအထိ လမ်းပိုင်းကိုလည်း မော်တော်ယာဉ်များ သွားလာခွင့် ပိတ်ပင်ထားပြီး ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှု မရှိပါက တာဝန်ယူမည် မဟုတ်ကြောင်းလည်း သတိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ကော်သူးလေအာမီ၊ ဆာကဆောတပ်မမှ တပ်မမှူး ဗိုလ်စာအယ်ခွီး၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သော်လည်း မည်သည့်အကြောင်းရင်းကြောင့် လမ်းကြောင်းများ ပိတ်ပင်ရသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဒေသတွင်း ကျန်းမာရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်နေသည့် ဒေသခံတစ်ဦးက “ကျနော်တို့က ကျန်းမာရေး အပိုင်းလုပ်ပေမယ့်လည်း KTLA ရှိတဲ့နေရာဆိုရင် လုံးဝ မသွားရဲဘူး။ မြို့နယ်ဖြစ်ဖြစ် သွားရမယ်ဆိုရင် KNU ကို အရင်အကြောင်းကြားတယ်။ သူတို့ အာမခံချက်ရှိမှ သွားရဲတယ်။ သွားလာရေးအပိုင်းတော့ တော်တော် အခက်အခဲ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိ KTLA က သွားလာခွင့် ကန့်သတ်ထားသည့် နယ်မြေများတွင် စစ်တပ်စခန်းများ မရှိဘဲ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့များသာ လှုပ်ရှားလျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ဆိုသည်။

KTLA ၏ ယခုလို လမ်းကြောင်းများ ပိတ်ပင်ထားသည့် အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့၏ တာဝန်ရှိသူများထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းလျက် ရှိသည်။

ဓာတ်ပုံ - Social Media

ဓါတ်ပုံ - KILC
August 11, 2026
ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက် ခေါင်းဆောင်များနှင့် လူငယ်များ ပါဝင်မည့် တတိယအကြိမ်မြောက်...
August 11, 2026
ထိုင်းရောက် မြန်မာအလုပ်သမားများ အထောက်အထားကိစ္စ အပါအဝင် ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့်...
ဓါတ်ပုံ - KIC
August 10, 2026
တောင်ငူ-သံတောင်ကြီး လမ်းပေါ်ရှိ ပျားစခန်းကျေးရွာအနီး စစ်အုပ်စု တပ်ဖွဲ့ဝင်များ...
August 10, 2026
ရှမ်းပြည်အတွင်း အမျိုးသမီးနှင့် ကလေးငယ်များအပေါ် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရမှု (SGBV...