အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အလယ်ပိုင်းတိုင်း ဖက်ဒရယ်ယူနစ်များမှ တော်လှန်ရေး အင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း (CPA) ကို ဇူလိုင်လ ၃၀ ရက်နေ့တွင် အတည်ပြု ပြီးစီးခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် အဆိုပါ CPA သဘောတူညီချက် အတည်ပြုခြင်းကို အွန်လိုင်းနှင့် လူကိုယ် တိုင် တက်ရောက်သည့် အခမ်းအနားပုံစံဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက် သတ်မှတ်ရက် မပြည့်မီ နိုင်ငံရေးလက်နက်တစ်ခုအဖြစ် ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
NUCC အဖွဲ့ဝင် ဦးတိုးကျော်လတ်က “ကျနော်တို့နဲ့ ပါဝင်ဆွေးနွေးဖက်တွေ အကုန်လုံးကလည်း ဒါကို မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ မပြည့်ခင် နိုင်ငံရေးအရ ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ လက်နက်တစ်ခုအဖြစ် အသုံးပြုကြရအောင်ဆိုပြီး ဆွေးနွေးသဘောတူခဲ့ကြတာ ဖြစ်တယ်” ဟု အခမ်းအနားတွင် ပြောသည်။
အဆိုပါ ပထမမူကြမ်းတွင် တော်လှန်ရေးဆိုင်ရာ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုဆိုင်ရာ၊ နိုင်ငံရေး၊ လုပ်ငန်းစဉ်နှင့် အထွေထွေဆိုင်ရာ ဘုံသဘောတူညီချက်များ ပါဝင်ပြီး NUCC၊ NUG၊ CRPH အပြင် စစ်ကိုင်းနှင့် မန္တလေးဖက်ဒရယ်ယူနစ်များလည်း သဘောတူပါဝင်ထားကြသည်။
ထို့ပြင် အဆိုပါ မူကြမ်းသည် လက်ရှိတော်လှန်ရေးကာလတွင် တော်လှန်ရေး အင်အားစုများ အချင်းချင်းကြား ညှိနှိုင်းဆောင်ရွက်ရန် နိုင်ငံရေးကတိကဝတ် တစ်ခုသာ ဖြစ်ခြင်းကြောင့် ဖက်ဒရယ်ယူနစ်များတွင် ရှိပြီးသား သဘောတူညီချက်များနှင့် ပွတ်တိုက်နိုင်မှု မရှိကြောင်းလည်း NUCC က မီဒီယာများကို ပြောဆိုသည်။
NUCC အဖွဲ့ဝင် ဒေါ်နှင်းနှင်းမွှေးက ဆက်လက်၍ “ပေါ်ထွက်လာတဲ့ အစိုးရအတုက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးကိုပဲ ကြိုးစားနေတယ်။ ရက် ၁၀၀ စီမံကိန်းကိုလည်း လုပ်နေတဲ့အခါကျတော့ ကျမတို့ တော်လှန်ရေးအင်အားစုတွေ ကြားထဲမှာ သဘောထားကြီးကြီးနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့တာကို နိုင်ငံတကာနဲ့ ပြည်သူလူထုတွေ၊ တော်လှန်ရေးအင်အားစုတွေကို ပြသခြင်းဖြင့် ကျမတို့ကြားက စုစည်းညီညွတ် မှုကို ပြသနိုင်ရာရောက်တယ်။ တော်လှန်ရေး မြန်မြန်အောင်မြင်ဖို့ကိုလည်း ကျမတို့ ရည်ရွယ်ပါတယ်” ဟု အခမ်းအနားတွင် ရှင်းပြသည်။
ထို့အတူ ၎င်းတို့ အဖွဲ့အစည်းများ အနေဖြင့် မူကြမ်းအတိုင်း လက်ခံကျင့်သုံးသွားကြမည် ဖြစ်သလို စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူညီကြ သည့် တော်လှန်ရေး အင်အားစုများကလည်း ပူးပေါင်းပါဝင်ကြရန် NUCC ပူးပေါင်းအဖွဲ့များက တိုက်တွန်း ဖိတ်ခေါ်ထားသည်။
တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း (CPA) ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ကတည်းက လုပ်ငန်းစဉ်သုံးဆင့်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး NUCC တွင် ပါဝင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အခြေခံသဘောတရားများ အတည်ပြုရယူခြင်းဖြင့် စတင်ခဲ့ကြခြင်း ဖြစ်သည်။
၂၀၂၅ မှ ၂၀၂၆ ခုနှစ် နှစ်ဝက်ကာလအထိ NUCC ၏ နိုင်ငံရေးရပ်တည်ချက်စာတမ်း အတည်ပြု ထုတ်ပြန်ခြင်းနှင့် အတူ မူကြမ်းရေးဆွဲပြီးစီးရန် ကျန်ရှိသည့်အဆင့်များကို ဆောင်ရွက်ခဲ့ကြသလို အကြိမ်ကြိမ်ဆွေးနွေး အကြံပြု ချက်များ ရယူခဲ့ပြီးနောက် ယခုကဲ့သို့ ထွက်ရှိလာသည့် ပထမမူကြမ်းကို နွေဦးတော်လှန်ရေးတစ်စုံလုံးသို့ အပ်နှံ လိုက်ပြီ ဖြစ်သည်။
ထိုအခမ်းအနားသို့ NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် စစ်ကိုင်းနှင့် မန္တလေး ဖက်ဒရယ်ယူနစ် ခေါင်းဆောင်ကိုယ်စားလှယ်တို့လည်း တက်ရောက်အမှာစကား ပြောကြားခဲ့ကြပြီး CPA တွင် ပါဝင်သည့် အချက်အလက်များကို ဖတ်ကြားခြင်းအစီအစဉ် ပြီးဆုံးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။







