ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား ဧရာဝတီမြစ်ကြောင်း အတွင်း၌ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ယနေ့ နေ့လယ်ပိုင်းတွင် အဆိုပါ သင်္ဘောများပေါ်၌ ပါရှိသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များဟု ယူဆရသူ အယောက် ဆယ်နှင့်ချီ KIA ပူးပေါင်းတပ်များထံတွင် ဖမ်းဆီးခံနေရသည့် ဗီဒီယိုဖိုင်တချို့လည်း လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့လာခဲ့ သည်။
ဗိုလ်မှူးကြီးနော်ဘူက “ဒီမနက် ရွှေကူကနေဆန်တက်လာတာ ဇင်းဘုံ၊ မြစ်ကျဉ်း၊ စင်ခန်း တစ်လျှောက်စောင့်ပြီး တိုက်ခိုက်လို့ တိုက်ပွဲဆက်တိုက်ဖြစ်ခဲ့တယ်။ စစ်သင်္ဘောတချို့ ထိခိုက်ပျက်စီးသွားရတယ်” ဟု ပြောသည်။
လက်ရှိ ရွှေကူနှင့် ဗန်းမော်ကြား တိုက်ပွဲတွင် စစ်အုပ်စုဘက်က အထိနာသဖြင့် အလံဖြူပြ၍ လက်နက်ချသည် ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး ရှေ့တန်းမှ တရားဝင် သတင်းပို့လာခြင်း မရှိသေးသဖြင့် အတည်မပြုနိုင်သေး ကြောင်းလည်း ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက “အလံဖြူထောင်တယ်ဆိုတာလည်း လိုင်းပေါ်မှာတော့ အရမ်းပျံ့နေတယ်။ ဒါပေမဲ့ ကျနော်တို့ကို တရားဝင်အကြောင်းကြားတာမရှိသေးဘူး။ မှန်တော့မှန်လိမ့်မယ်။ ဒါ့ပေမဲ့ ကျနော်အနေနဲ့ ဘယ်နှစ်ယောက်ဖမ်းမိတယ်ဆိုတဲ့ အတည်ပြုတဲ့သတင်းတော့ မပေးနိုင်ဘူး” ဟု ဆက်ပြောသည်။
ဩဂုတ်လဆန်းပိုင်းကတည်းက ဆန်တက်လာသည့် အဆိုပါ သင်္ဘောများသည် ရွှေကူသို့ ရောက်ရှိချိန်၌ စစ်သင်္ဘော ၁၄ စီး၊ ၁၅ စီးခန့် ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
ရွှေကူမှတစ်ဆင့် ဗန်းမော်သို့ ဆက်လက်ဆန်တက်ချိန် ရွှေကူအကျော် ဇင်းဘုံတွင် KIA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တစ်စီး ရေထဲနစ်မြုပ်သွားပြီး အခြားတစ်စီးမှာ မီးလောင်သွားခဲ့သည်။
ထို့နောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် KIA ပူးပေါင်းတပ်ဖွဲ့များ မတားဆီးနိုင်ချိန်တွင် အချို့ သင်္ဘောများသည် ဇင်းဘုံကို ကျော်တက်သွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
သို့သော် စင်ခန်းတံတားအနီးတွင် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သဖြင့် ရေထဲနစ်မြုပ်ခြင်းနှင့် မီးလောင်ပျက်စီးသွား ခြင်းများ ထပ်မံရှိခဲ့ကြောင်း ကြားသိရသော်လည်း မြစ်ကြီးနားသတင်းဂျာနယ်အနေဖြင့် သီးခြား အတည် မပြုနိုင်သေးပေ။
စစ်အုပ်စု၏ စစ်သင်္ဘော ၁၅ စီးအနက် မီးလောင်ပျက်စီးသွားသည်နှင့် ရေထဲနစ်မြုပ်သွားသည်မှာ ယနေ့အထိ မည်မျှရှိပြီး မည်မျှကျန်ရှိနေသေးသည်ကို အတိအကျ မသိရသေးကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။
ယခုကဲ့သို့ စစ်အုပ်စုဘက်က ကြည်း၊ ရေ၊ လေ တပ်များကို အသုံးပြု၍ ထိုးစစ်ဆင်နေခြင်းသည် ကချင်ပြည်ရှိ စင်ခန်းတံတားကို ပြန်လည်ရယူလိုခြင်းကြောင့် သာမက ဗန်းမော်သို့ တပ်သားနှင့် စစ်လက်နက်အင်အားများ ဖြည့်တင်းနိုင်ရန်ဖြစ်ကြောင်း KIO/KIA ထံမှ သိရသည်။
ဗန်းမော်မြို့ရှိ စစ်အုပ်စုတပ်၏ အခြေစိုက်စခန်း ၂၀ ခန့်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ ရာ KIA ပူးပေါင်းတပ်က နေရာအများအပြားကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း အချို့နေရာများကို ပြန်လည် လက်လွှတ်လိုက်ရသည်များလည်း ရှိသည်။
စစ်အုပ်စုဘက်ကမူ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောများအတွက် ကြည်း၊ ရေ၊ လေ တပ်များကို အသုံးပြု၍ လုံခြုံရေးယူ တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။
(ဓာတ်ပုံ - Crd)







