အင်းတော်ကြီးဒေသ၌ ပြင်းထန်ငှက်ဖျားပိုး ကူးစက်မှု အဖြစ်များလာ

အင်းတော်ကြီးဒေသ၌ ပြင်းထန်ငှက်ဖျားပိုး ကူးစက်မှု အဖြစ်များလာ

ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ အဖြစ်များနေသည်ဟု ဒေသခံများက ပြောသည်။

မိုးစတင်ဝင်ရောက်ချိန်မှစ၍ လက်ရှိအချိန်အထိ ကျေးရွာတော်တော်များများ၌ ငှက်ဖျားရောဂါနှင့် တုပ်ကွေး ရောဂါ ဖြစ်ပွားမှုများပြားနေခြင်းဖြစ်ကြောင်း ကန်အနောက်ကမ်းဒေသ ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“ဒီဘက်မှာက အင်းများလို့လည်းဟုတ်တယ်။ ပိုပြီးတော့မှ အနောက်ကမ်းဘက်မှာ မိုးနည်းနည်း ရွာတာနဲ့ ရေဝပ်လို့ ငှက်ဖျားဖြစ်နှုန်းများတယ်။ ခြင်လည်းတအားပေါတယ်။ မိုးစဝင်ထဲက အခုထိ ဟုတ်တယ်။ ငှက်ဖျား နဲ့ တုပ်ကွေးပေါ့” ဟု ၎င်းက ပြေသည်။

အင်းတော်ကြီးဒေသတွင် ယခင်နှစ်များက PV အသည်းငှက်ဖျားပိုးသာ အတွေ့များသော်လည်း ယခုနှစ်တွင် PF ဦးနှောက်ငှက်ဖျားပိုးများ အတွေ့များလာသည်။ ထို့အပြင် လတ်တလောတွင် ကလေးများရော လူကြီးများပါ တုပ်ကွေးဖြစ်ပွားမှုလည်း များပြားလျက်ရှိသည်။

ပုဂ္ဂလိက ဆေးခန်းများတွင် ဆေးစစ်၍ လိုအပ်သော ဆေးဝါးနှင့် အားဆေးများအပါအဝင် ကျပ် တစ်သိန်းကျော် ခန့် ကုန်ကျနေပြီး ဆေးဝါးများကို ပုဂ္ဂလိကဆေးဆိုင်နှင့် ဆေးခန်းများတွင်သာ ရရှိနိုင်သည်။

လက်ရှိတွင် ဒေသတွင်း ဂိတ်များ၌ ဆေးပစ္စည်းများကို စစ်ဆေးမှုများရှိသော်လည်း တင်းကျပ်ထားခြင်းတော့ မရှိသေးဘူးဟု ဆိုသည်။

ကန်အနောက်ကမ်းဒေသဘက်တွင် ချောင်းဝ၊ ညောင်ပင်၊ နန့်မီးလောင်၊ မိုင်းနောင်၊ နမ့်မတဲ၊ လုံးတုံ၊ လွဲမွန်၊ ကုန်းမန၊ နမ့်တောင်းဆယ် စသည့် ကျေးရွာများ ပါဝင်သည်။

အင်းတော်ကြီးကန် အရှေ့ကမ်းဒေသများဘက်တွင်လည်း ငှက်ဖျားဖြစ်ပွားမှုများ ရှိသော်လည်း အနောက်ကမ်းရှိ ကျေးရွာများဘက်တွင် ပိုမိုအဖြစ်များနေခြင်း ဖြစ်သည်။

ကချင်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ငှက်ဖျားအဖြစ်များမှုများရှိနေပြီး အချို့ဒေသများ၌ ဆေးဝါးရရှိရန် ခက်ခဲ ခြင်းနှင့် ဆေးဈေးနှုန်း မြင့်တက်ခြင်းများ ကြုံတွေ့နေရသည်။

ကချင်ပြည်တွင် အများဆုံးတွေ့ရသည့် ပိုးမှာ PV ငှက်ဖျားပိုးဖြစ်ပြီး ပြီးခဲ့သည့်နှစ်မှစ၍ ယခုနှစ်အတွင်း ငှက်ဖျား အဖြစ်များလာကာ ဆေးဝါးရရှိရန် ပိုမိုခက်ခဲလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Health Cluster Myanmar ကလည်း ကချင်ပြည်အပါအဝင် ချင်း၊ ကရင်၊ ကရင်နီ (ကယား)၊ မကွေး၊ ရခိုင်၊ စစ်ကိုင်းနှင့် တနင်္သာရီတို့တွင် ငှက်ဖျားရောဂါ ကူးစက်မှု ပိုမိုမြင့်တက်လာနေပြီး ရောဂါကူးစက်မှု အမျိုးအစား မှာလည်း ရိုးရိုးငှက်ဖျားမှ ပြင်းထန်ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်ခြေမြင့်သည့် အမျိုးအစားအဖြစ် သိသိသာသာ ပြောင်းလဲလာကြောင်း ဇူလိုင်လထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဒေသတွင်း ဈေးကွက်အတွင်း ငှက်ဖျားကုသရာတွင် သုံးသည့် အခြေခံပေါင်းစပ်ဆေးဝါး (ACTs) ရရှိနိုင်မှု နည်းပါးခြင်းကလည်း အခြေအနေကို ပိုမိုခက်ခဲစေပြီး ငှက်ဖျားစစ်ဆေးသည့် ပစ္စည်းများနှင့် ဆေးစိမ်ခြင်ထောင် များ ရရှိနိုင်မှု အလွန်နည်းပါးနေခြင်းကြောင့် ငှက်ဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အဟန့်အတားများ ဖြစ်နေသည်။

Most read this week

September 18, 2026
ကချင်ပြည်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်အကြားရှိ ကျေးရွာများတွင် ငှက်ဖျားနှင့် ရာသီတုပ်ကွေး...
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော အများစုကို...
September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...