စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက် အလုံးစုံပိတ်ဆို့လိုက်ပါက အရပ်သားများ၏ အဓိကဆက်သွယ်ရေး ပြတ်တောက်သွားမည် ဖြစ်သဖြင့် ဆိုက်ဘာလိမ်လည်မှုစင်တာ (ကျားဖြန့်) များကိုသာ တိကျစွာ ပစ်မှတ်ထား ပိတ်ပင်ပေးရန် မြန်မာအင်တာနက်ပရောဂျက် (MIP) အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅၅ ဖွဲ့က SpaceX ကုမ္ပဏီထံ ဇူလိုင်လ ၁၇ ရက်နေ့တွင် ပူးတွဲတောင်းဆိုလိုက်သည်။
မြန်မာပြည်သူများသည် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသဖြင့် Starlink စက်ပစ္စည်းများကို ငွေကြေးကျပ်တည်းသည့်ကြားမှ နည်းလမ်းမျိုးစုံရှာကာ ခက်ခက်ခဲခဲ အစားထိုး ဝယ်ယူသုံးစွဲခဲ့ကြရခြင်းဖြစ်ကြောင်း အဆိုပါတောင်းဆိုချက်တွင် ဖော်ပြထားသည်။
ထိုသို့ သုံးစွဲနိုင်ခဲ့ခြင်းကြောင့် ကူညီကယ်ဆယ်ရေး၊ ဆေးဝါးကုသရေး၊ လေကြောင်းရန် ကြိုတင်သတိပေးရေးနှင့် မီဒီယာများ၏ သတင်းပေးပို့ရေးအတွက် ကြီးမားသည့် အထောက်အကူ ရရှိခဲ့ကြောင်း ဆိုသည်။
SpaceX အနေဖြင့် Starlink ကို နယ်စပ်နှင့် ပြည်တွင်းရှိ ဆိုက်ဘာလိမ်လည်မှု၊ ကျားဖြန့် စင်တာများကို ပစ်မှတ်ထား နှိမ်နင်းရန် ပိတ်ဆို့ခြင်းဖြစ်သည်။
သို့သော် မကြာသေးမီက ပိတ်ပင်မှုတွင် ကျားဖြန့်စင်တာများနှင့် မသက်ဆိုင်သည့် စစ်ကိုင်း၊ မကွေးနှင့် ရခိုင်ဒေသများပါ ပါဝင်သွားသည့်အတွက် ဤသို့ အလုံးစုံ ပိတ်ဆို့လိုက်ခြင်းသည် ရာဇဝတ်ဂိုဏ်းများကို မတားဆီးနိုင်ဘဲ ခက်ခက်ခဲခဲ သုံးစွဲနေရသည့် အပြစ်မဲ့ ပြည်သူများကိုသာ ထိခိုက်စေလျက်ရှိကြောင်း မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၅၅ ဖွဲ့က ဆိုသည်။
အကယ်၍ အလုံးစုံ ဆက်လက်ပိတ်ဆို့သွားမည်ဆိုပါက မြေပြင်တွင် အရေးပေါ် ကုသရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ စစ်ကောင်စီ၏ လေကြောင်းရန်နှင့် စစ်ကြောင်းထိုးမှုများကို ကြိုတင်သတိပေးနိုင်သည့် စနစ်များ ပျက်စီးသွားခြင်း၊ ကြားကာလ စာသင်ကျောင်းများနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင် သတင်းပို့နေသည့် လွတ်လပ်သော မီဒီယာများ ထိခိုက်သွားခြင်းများ ကြုံတွေ့လာရမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
လက်ရှိတွင် ချင်းလူမျိုးအများစုနေထိုင်သည့် ကလေးမြို့နှင့် ချင်းတောင်ဒေသတွင် ဖုန်းလိုင်းနှင့် ပုံမှန်အင်တာနက်များ ပြတ်တောက်နေသော်လည်း Starlink အားဖြင့် ဆက်သွယ်နေနိုင်ဆဲဖြစ်သည်။
သို့သော် Starlink ပါ ထပ်မံ ဖြတ်တောက်ခံရပါက ပြည်သူများ၏ အခြေခံအသက်ရှင်ရပ်တည်ရေးတွင် ကြီးမားသည့် ရိုက်ခတ်မှုများ ဖြစ်လာမည်ဟု ဒေသခံများက ဆိုသည်။
"အခုဆို ကလေးမြို့မှာ အင်တာနက်မပြောနဲ့၊ ချင်းတောင်ဘက်ကို ဖုန်းဆက်လို့တောင် မရအောင် ဖုန်းလိုင်းတွေပါ ပျက်နေတာ။ ဒီလို ဆက်သွယ်ရေးလိုင်းတွေပါ ထပ်ပြီး ဖြတ်တောက်ခံရရင်တော့ နိုင်ငံခြားရောက်နေသူတွေနဲ့ ဆက်သွယ်ဖို့ရော၊ ငွေလွှဲရတာပါ သိပ်ခက်သွားလိမ့်မယ်။" ဟု ဒေသခံ တစ်ဦးက Khonumthung သတင်းကို ပြောသည်။ "ဘာလို့လဲဆိုတော့ နိုင်ငံရေး မကောင်းတော့ကတည်းက ပြည်သူတွေ အလုပ်အကိုင် မရှိကြတော့ဘူး။ လယ်လုပ်တာကအစ အဆင်မပြေ စစ်ဘေးရှောင်ရနဲ့ နိုင်ငံခြားရောက်တဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေကိုပဲ အများစုက အားထားရတာဆိုတော့လေ။ နောက် သတင်းအဆိုးအကောင်းလည်း မသိနိုင်တော့ဘူးပေါ့" ဟု ကလေးမြို့မှ ချင်းအမျိုးသား ဒေသခံတစ်ဦးက ပြောသည်။
ချင်းလူမျိုးများသည် ပြည်ပရောက် မိသားစုဝင်များ ထောက်ပံ့သည့် ငွေကြေးပေါ် အဓိက မှီခိုနေရသဖြင့် အင်တာနက် ပြတ်တောက်သွားပါက အသက်မွေးဝမ်းကျောင်းနှင့် ငွေကြေးစီးဆင်းမှုပါ လုံးဝ ရပ်တန့်သွားမည် ဖြစ်သည်။







