စစ်ရေးအခြေအနေကြောင့် မိုးဗြဲဒေသခံအချို့ စိုက်ခင်းများချန်ရစ်ကာ တိမ်းရှောင်နေရ

စစ်ရေးအခြေအနေကြောင့် မိုးဗြဲဒေသခံအချို့ စိုက်ခင်းများချန်ရစ်ကာ တိမ်းရှောင်နေရ

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်းများကို မကြာခဏ အသုံးပြုပစ်ခတ်နေသည့်အတွက် လွယ်ဝိုင်းကျေးရွာနှင့် အနီးအနားမှ ဒေသခံများသည် စိုက်ပျိုးထားသည့် သီးနှံများကို ချန်ရစ်၍ တိမ်းရှောင်နေကြရကြောင်း မိုးဗြဲဒေသခံများက ပြောသည်။ 

"လွယ်ဝိုင်းဆို ထားခဲ့ရတာ ပိုများတယ်။ အခုတောင်မှ စိုက်ထားပြီးတာတောင်မှ ပြန်လာမလုပ်ရဲကြဘူးလေ။ တောင်ယာစပါးတို့ဆို ဆေးပြန်လာဖြန်းရမှာ ပြန်လာမဖြန်းရဲကြဘူးလေ။ ချုံထူကုန်ပြီ၊ ဒီတိုင်းချန်ထားတယ်" ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လတ်တလောတွင် စိုက်ပျိုးထားသည့် သီးနှံခင်းများကို ပေါင်းလိုက်ခြင်း၊ ခြံရှင်းခြင်းတို့အတွက် နေ့စားအလုပ်သမားများ ငှားရမ်းရန် ကြိုးစားနေသော်လည်း လုံခြုံရေးအန္တရာယ်ကြောင့် လာရောက်လုပ်ကိုင်သူ မရှိကြောင်း ဆိုသည်။ ဒါ့အပြင် မိုးဗြဲမြို့အတွင်း၌လည်း နေ့စဉ် လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသလို ကျေးရွာများရှိရာဘက်သို့လည်း ဒရုန်းများဖြင့် ကင်းထောက်ပျံသန်းမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာနှင့် တောင်ယာခင်းအနီးတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းအန္တရာယ်များ ရှိနေသော်လည်း စိုးရိမ်စိတ်များဖြင့်ပင် စားဝတ်နေရေးအတွက် မဖြစ်မနေ စိုက်ပျိုးလုပ်ကိုင်နေရသူများလည်း ရှိနေသည်။

"ကြောက်တော့ ကြောက်တာပေါ့။ ဒါပေမဲ့ စားဖို့လိုတယ်လေ၊ အခက်အခဲတော့ ရှိတာပဲ။ မလုပ်ရင်လည်း နောက်နှစ်ဆို ဘာစားမတုန်း။ အဲဒါကြောင့် လုပ်ရတာပေါ့" ဟု စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

မိုးဗြဲတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ နယ်မြေစစ်ရေးအခြေအနေကြောင့် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေနှင့် ခေါင်းစံလမ်းတို့ကို လုံခြုံရေးအရ သွားလာခြင်း မပြုကြရန် မိုးဗြဲ PDF ကလည်း အသိပေးနှိုးဆော်ထားသည်။

မိုးဗြဲမြို့အနောက်ခြမ်းမှ ဒေသခံများနှင့် စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက် စပါးနှင့် ပြောင်းကို အဓိက စိုက်ပျိုးကြကြောင်း သိရသည်။ 

ဒေသခံများသည် စစ်ရေးအခြေအနေပေါ် မူတည်၍ စိုက်ပျိုးရေးလုပ်ငန်းများကို စောင့်ကြည့်လုပ်ကိုင်နေကြရကြောင်း ပြောပြသည်။ 

July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...
July 20, 2026
ဒေသတွင်း တိုက်ပွဲများကြောင့် ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှ တိမ်းရှောင်ခဲ့ရသည့်...
July 17, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်...
July 17, 2026
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့...