ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ၁၅၁ ဦးကို ခွဲခြားစိစစ်ပြီးဖြစ်ကြောင်း KIO/KIA သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းမိထားသူများတွင် ဗိုလ်ကြီး (အရာရှိ) ၂ ဦး၊ အရာခံဗိုလ် ၅ ဦး၊ တပ်ကြပ်ကြီး ၁၄ ဦး၊ တပ်ကြပ် ၁၂ ဦး၊ ဒုတပ်ကြပ် ၁၆ ဦးနှင့် တပ်သား ၃၅ ဦး အပါအဝင် စုစုပေါင်း စစ်သား ၈၄ ဦးအပြင် စစ်မှုမထမ်းမနေရ အမိန့်ဖြင့် စုဆောင်းခံထားရသည့် အသက် ၁၆ နှစ်မှ အသက် ၃၀ နှစ်ကြား လူငယ် ၃၄ ဦးလည်း ပါဝင်သဖြင့် စုစုပေါင်း လက်နက်ကိုင်အင်အား ၁၁၈ ဦး ရှိခဲ့သည်။
ထို့ပြင် အမျိုးသမီးရဲမေ တာဝန်ထမ်းဆောင်နေသည့် အိမ်ထောင်သည် တပ်မိသားစုဝင် အမျိုးသမီး ၁၇ ဦးနှင့် အတူ အသက် ၄ လမှ ၄ နှစ်အရွယ် ကလေးငယ် ၈ ဦးကိုလည်း အတူတကွ ထိန်းသိမ်းထားသည်ဟု KIO က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ခွဲခြားစစ်ဆေးချိန်၌ သင်္ဘောကြုံ လိုက်ပါလာသည့် အရပ်သား ၈ ဦးကိုလည်း တွေ့ရှိရသဖြင့် ၎င်းတို့ကိုလည်း လတ်တလောတွင် ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
KIA အနေဖြင့် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကို သီးသန့်နေရာသို့ ရွှေ့ပြောင်း၍ နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က ဗန်းမော်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောများကို KIA ပူးပေါင်းတပ်ဖွဲ့များက စင်းခန်းတံတား မရောက်မီ မြစ်အောက်ဘက်ပိုင်း၌ တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ စစ်သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲတွင် သင်္ဘော ပျက်စီးသွားသည့်အတွက် ရေနစ်သေဆုံးသူများနှင့် ရေကူးလွတ်မြောက်သွားသူ များလည်း ရှိကြောင်း KIA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သံခွန်အပါအဝင် စစ်သင်္ဘော ၁၅ စီးအနက် ၈ စီးမှာ လမ်းတစ်လျှောက်တွင် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး ကျန်သည့် ၇ စီးမှာ ဗန်းမော်သို့ ရောက်ရှိခဲ့သည်။
ထို့နောက် စက်တင်ဘာလ ၅ ရက်နေ့တွင် စစ်အုပ်စုတပ်သည် စစ်သင်္ဘောများ အပါအဝင် ရေယာဉ် ၃၁ စီးကို ကချင်ပြည်နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဒုတိယအသုတ်အဖြစ် ပြန်လည် စေလွှတ်နေသည်။
ဓာတ်ပုံ - (ဖမ်းဆီးရမိထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများ။)







