ကရင်ပြည်၊ မြဝတီ (ရာမတီး) မြို့နယ်တောင်ပိုင်းရှိ ထီးမူးထချောင်းတွင် ကရင်နယ်ခြားစောင့်တပ် (BGF) က အပန်းဖြေ စခန်း ဖော်ဆောင်နေသော်လည်း ဒေသခံရွာသားအချို့မှာ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်ဘဲ စစ်ဘေး ရှောင်နေရဆဲ ဖြစ်သည်။
ထီးမူးထဒေသတွင် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်သဖြင့် စိုးရိမ်ရကာ နယ်မြေတည်ငြိမ်မှု အာမခံချက် မရှိသေးပေ။ အဆိုပါ ထီးမူးထဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်အရ ဒူးပလာယာခရိုင်ထဲက မြဝတီ (ရာမတီး) မြို့နယ်အတွင်း တည်ရှိခြင်း ဖြစ်သည်။
ထိုသို့ ဒေသခံများ နေရပ်သို့ မပြန်နိုင်ကြသေးသည့် အချိန်တွင် BGF ဗိုလ်မှူးစောမုတ်သုန် ဦးဆောင် ကာ ထီးမူးထချောင်းနံဘေး၌ အပန်းဖြေစခန်းနေရာများ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
မြဝတီ (ရာမတီး) မြို့နယ် ပညာရေးတာဝန်ရှိသူတစ်ဦးက “လက်ရှိကတော့ ဒေသခံ ငါးပုံဆိုရင် သုံးပုံလောက် ပြန်နေပြီပေါ့။ ဒါပေမယ့် ရွာမှာစစ်တပ်တွေနေတယ်။ အရင်ကလို အဝင်အထွက် မှတ်ပုံတင်စစ်တာ မရှိတော့ ပေမယ့်လည်း တိုက်ပွဲပြန်ဖြစ်မှာ ကြောက်တော့ တချို့က တောထဲမှာ ရှောင်နေတာရှိသေးတယ်” ဟု ပြော သည်။

ထီးမူးထချောင်းကို BGF နှင့် ပြည်နယ်စစ်အုပ်စု ပူးပေါင်းကာ လူထုလာရောက်အပန်းဖြေစရာ နေရာတစ်ခုအဖြစ် ပုံဖော်နေသလို၊ စစ်ဘေးကြောက်၍ နေရပ်ရှောင်နေသည့် ဒေသခံများကိုပါ အိမ်ပြန်လာနေရန် တိုက်တွန်းခြင်း များ ရှိနေသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါ အပန်းဖြေစခန်းနေရာသို့ စစ်အုပ်စုလက်အောက်ခံ ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး လာရောက်လည်ပတ်ခဲ့ပြီး ဒေသတွင်း အေးချမ်းသာယာနေပြီ ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုခဲ့သည်။
“အခုဒီဟာ စနေတာ (၄၀) ရာခိုင်နှုန်းလောက် ပြီးပြီပေါ့။ မြဝတီမြို့နေပြည်သူတွေ လာပြီးအပန်းဖြေတာ တော် တော်လေး များတယ်။ မရှိဘူးဆိုရင် နေ့စဉ် လူ ထောင်ဂဏန်းလောက် ရှိတယ်။ ဒါကိုကြည့်ရင် ကျနော်တို့ ကရင်ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းတော့မယ် အေးချမ်းတာကိုခံစားချင်နေကြပြီဆိုတာ သိသာတယ်” ဟု ဦးအေးမင်းထွေးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထားသည်။
တစ်ဖက်တွင်မူ ဒေသတွင်း၌ နယ်မြေတည်ငြိမ်မှု မရှိသေးသည့်အခြေအနေတွင် ယခုကဲ့သို့ အပန်းဖြေနေရာ ဖော်ဆောင်နေခြင်းအပေါ် ဝေဖန်ထောက်ပြ ပြောဆိုမှုများလည်း ရှိနေသည်။
ယမန်နှစ်က တော်လှန်ရေး ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် နို့ဖိုးနှင့် ထီးမူးထကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် လူနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံလူထုမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။
ထို့အတူ လက်ရှိအချိန်အထိ မြဝတီမြို့နယ် တောင်ပိုင်းတွင် စစ်တပ်က ဆက်လက် စစ်ကြောင်းထိုး နေသည့် အပြင်၊ တော်လှန်ရေးအင်အားစုနှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။







