စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုကို ငြင်းပယ်ပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်ရန် ဖိအားပေးခြိမ်းခြောက်သည့် မူဝါဒတစ်ရပ် ရှိနေသည်။
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် ခဲ့ပြီးနောက် လက်ရှိတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။
သို့ရာတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်မူ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနိုင်ခြင်း မရှိသေးသည့်အပေါ် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ မူဝါဒကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
တိုင်းပြည်မဖွံ့ဖြိုးတိုးတက်ခြင်းမှာ မတည်ငြိမ်မှုများနှင့် စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့်ဖြစ်ရာ ငြိမ်းချမ်း ရေး ဖိတ်ခေါ်နေပါလျက်နှင့် မလာရောက်ဘဲ ဖွံ့ဖြိုးတိုးတက်မှုမရှိအောင် လုပ်ဆောင်မည်ဆိုပါက လုပ်သင့်လုပ် ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်မှာ သမ္မတ၏ မူဝါဒဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုကဲ့သို့ ဖိအားပေးမှုများကို လက်ရှိတွင်လည်း လက်တွေ့လုပ်ဆောင်နေခြင်းကြောင့် စစ်တပ်အသွင်ပြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုအပေါ် ယုံကြည်ရန် ခက်ခဲကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းထက်နီက သံလွင်တိုင်းမ်သို့ ပြောသည်။
“စစ်ရေးအရ နိုင်ငံရေးအရ ဖိအားပေးပြီးတော့မှ ကျွန်တော်တို့ကို အားလုံးဖြိုမယ်၊ နောက်ဆုံး မသက်သာတဲ့ အဆုံး သူ့ရဲ့ ဗျူဟာအောက်ကို ဝင်ဖို့ဆိုတဲ့ ကမ်းလှမ်းမှုမျိုးဖြစ်နေတယ်။ အခုလည်း တစ်နိုင်ငံလုံးမှာ လေ ကြောင်းတွေရော ဒရုန်းတွေရော အကြီးအကျယ် (ဗုံးကြဲ) ချနေတာမို့ အဲဒါက (ငြိမ်းချမ်းရေးဖိတ်ခေါ်မှု) ယုံ ကြည်ဖို့ ခက်နေတယ်။ နိုင်ငံရေးအရ ငြိမ်းချမ်းရေးကို ဗန်းပြပြီးတော့ အထဲထဲမှာ ကျနော်တို့ကို စစ်အင်အား သုံးပြီးတော့ ဖြိုချနေတာမျိုး ဖြစ်နေတယ်ဆိုတော့ ကျနော်တို့ အနေနဲ့ အယုံအကြည်တော့ မရှိနိုင်တာ အမှန် ပါပဲ။”
ချင်းအမျိုးသားတပ်ဦး (CNF) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH) အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KIO၊ KNU၊ KNPP တို့နှင့်အတူ ဖက်ဒရယ်ဦးဆောင်ကောင်စီ (SCEF) တွင် ပါဝင်နေသည့် အဖွဲ့အစည်းဖြစ်သည်။
SCEF အနေဖြင့် နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို အတည်ပြုထားပြီး၊ ၎င်းအချက်များထဲတွင် စစ်အာဏာသိမ်းမှု ကို အပြီးတိုင်ဖယ်ရှားကာ စစ်တပ်က နိုင်ငံရေးတွင် ပါဝင်နေမှုကို အဆုံးသတ်ရန်ဟူသည့် အချက်ပါဝင်ရာ ၎င်းမှာ စစ်တပ်က ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် ဖြစ်သည်။
တစ်ဖက်တွင်လည်း စစ်တပ်၏ တန်ပြန်ထိုးစစ်များနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် တော်လှန်ရေးတွင် ပါဝင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် အပြောနှင့်လက်တွေ့ မကိုက်ညီသဖြင့် အယုံအကြည်မရှိကြောင်း တုံ့ပြန်ထားကြသည်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ကမူ နိုင်ငံရေးပဋိပက္ခနှင့် လက်နက်ကိုင်ပဋိပက္ခများကို ရှင်းလင်းရန် လိုအပ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးရန် ပြီးခဲ့သည့် ရက်ပိုင်းက ထပ်မံဖိတ်ခေါ်ခဲ့သည်။
ငြိမ်းချမ်းရေးရရှိရန် ရသည့်လမ်းကြောင်းမှ ရအောင်လုပ်ဆောင်မည်ဟု ပြောဆိုသော်လည်း မိမိ၏ သမ္မတ အိပ်မက်ကို အကောင်အထည်ဖော်ရန် နိုင်ငံ့အာဏာကို သိမ်းယူခဲ့မှုကြောင့် အကျိုးဆက်အဖြစ် ပေါ်ပေါက်လာသည့် PDF အဖွဲ့များကိုမူ လက်နက်ချအလင်းဝင်ရန် တောင်းဆိုထားသည်။
PDF များမှာ နိုင်ငံရေးသဘောထား ကွဲလွဲမှုကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် အဖွဲ့များ ဖြစ်သဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပိုင်းကို ဦးစားပေးရှင်းလင်းမည်ဟု ဦးမင်းအောင်လှိုင် ကိုယ်တိုင် အိန္ဒိယ အခြေစိုက် သတင်းမီဒီယာတစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
စစ်တပ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်စဲပြီး စစ်မျက်နှာ လျှော့ချလိုသော်လည်း PDF များကိုမူ ပြင်းပြင်းထန်ထန် နှိမ်နင်းလာနိုင်သည့် အနေအထားရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။
“ရခိုင်နဲ့ ဆက်စပ်တဲ့ နယ်မြေတွေနဲ့ PDF တပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် ပြည်တွင်းစစ်ပုံစံနဲ့ အကြမ်းဖက် နှိမ် နင်းရေး ပုံစံမျိုး ဖန်တီးပြီးခါမှ ဦးတည်ရန်သူအဖြစ် တိုက်ခိုက်လာမယ့် အနေအထားမျိုးပဲ။ သူက NCA ငြိမ်း ချမ်းရေး ပြောပြီးခါမှ အပစ်ရပ်ပြီး စစ်မျက်နှာတွေ လျှော့လိုက်မှာပေါ့။ အဓိက တိုက်စစ်ဆင်မှာကတော့ PDF ပါပဲ။ ရခိုင်နဲ့ ချင်းကို ဖယ်လိုက်မယ်ဆိုရင် စစ်တပ်ရဲ့ အဓိက ရန်သူက PDF လို့ပဲ သူတို့က သတ်မှတ်ထားတာ ဖြစ်တယ်။ PDF ကို လက်နက်ချအလင်းဝင်ဖို့ပဲ ပြောတာ။ ငြိမ်းချမ်းရေးပြောမယ့်အနေထားမျိုးမှာ စာရင်းထဲ ကို ထည့်ပြီးတော့ကို မသွင်းတဲ့ အနေအထားပေါ့။ တမင်သက်သက် နာမ်နှိပ်ထားတဲ့ အနေအထားမျိုးပဲ ရှိတယ်။”
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာန အမှတ် (၃၃) နည်းဗျူ ဟာမှူး စောဒါးကိုက တိုက်ပွဲဖြစ်ပွားမည့် အနေအထားတွင် စစ်တပ်ဘက်က ဝင်ရောက်လာပါက တိုက်ထုတ်ရန် အသင့်ရှိကြောင်း တုံ့ပြန်သည်။
ထို့ပြင် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အပြောအဆိုနှင့် လုပ်ပုံလုပ်နည်းများ သည် လက်တွေ့မကျသဖြင့် မည်သည့်တော်လှန်ရေးတပ်ကမျှ အယုံအကြည်မရှိကြောင်း သံလွင်တိုင်းမ်သို့ ပြောသည်။
“မင်းအောင်လှိုင်ကတော့ ရက် ၁၀၀ စီမံကိန်းအခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့ PDF တွေကို ငြိမ်းချမ်း ရေး လုပ်ရင်လုပ် မလုပ်ရင် လုံခြုံရေးအရ ရှင်းသွားမယ်ဆိုတဲ့အပေါ် ကျနော်တို့ တော်လှန်ရေးတပ်တွေကို ဖိအားပေး ခြိမ်းခြောက်တဲ့ ပုံစံပေါ့လေ။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့သူ တစ်ယောက်က ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး အမူအရာတွေ အခြေအနေတွေ လုပ်ပုံလုပ်နည်းတွေက အများကြီးရှိတာပေ့ါလေ။ ပါးစပ်ကတော့ ငြိမ်းချမ်းရေး စကားပြောပြီး နေ့တိုင်းလေယာဉ်ဗုံးကြဲ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ဟာ ဘယ်တော်လှန်ရေးတပ်ကမှ သူ့ရဲ့ အပြောအဆိုမှုအပေါ်မှာ ယုံကြည်မှု ရှိမလဲပေါ့နော်။ အဲဒီလို ယုံကြည်မှု မရှိဘဲနဲ့ ငြိမ်းချမ်းရေးက ဘယ်လို ရနိုင်မှာလဲ။ ရဖို့ အလားအလာ အရမ်းဝေးတယ်လေ။”
စစ်တပ်အသွင်ပြောင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ် သက်၍ ရက် ၁၀၀ စီမံချက်ကာလအတွင်းသာမက ယင်းကာလ ကျော်လွန်သည့်တိုင် မည်သည့် လက်နက်ကိုင် အဖွဲ့မဆို အလင်းဝင်လိုပါက လက်ခံကြိုဆိုသွားမည်ဟု အသိပေးထားသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် လက်ရှိအချိန်အထိ အလင်းဝင်လာသည့် PDF တပ်ဖွဲ့ဝင်ပေါင်း ၄,၁၀၀ ကျော်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရမှုမှ ပြန်လည် လွတ်မြောက်လာသူများကို အမည်ပျက် စာရင်းတွင် ထည့်သွင်းထားခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။
၎င်းပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့် မရေးထိုးရသေးသည့် အဖွဲ့များအားလုံးကို ခွဲခြားမှုမရှိဘဲ ပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီး အားလုံးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ တတိယပတ်အတွင်း စစ်တပ်၏ ငြိမ်းချမ်းရေးညှိနှိုင်းရေး ကော်မတီ (NSPNC) အနေဖြင့် မြောက်ပိုင်းမှ ‘ဝ’ အဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ကို သွားရောက်တွေ့ဆုံခဲ့မှုအပေါ် အခြေခံ၍ အခြားတိုင်းရင်းသားအဖွဲ့များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိအားပေးလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
လက်ရှိတွင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနှင့် တရုတ်နိုင်ငံခရီးစဉ်အတွင်း ဗျူဟာမြောက်စီမံကိန်းများကို အကောင်အထည်ဖော်ရန် လုံခြုံရေးအရ အာမခံချက်ပေးထားပြီး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အရေးပါ သည့် လမ်းပိုင်းများနှင့် မြို့များကို ပြန်လည်ထိုးစစ်ဆင်လျက်ရှိသည်။
စစ်ရေးအကဲခတ်များကမူ ရက် ၁၀၀ စီမံချက်အလွန်တွင် စစ်တပ်က တိုက်ပွဲအရှိန်မြှင့်တင်လာနိုင်သည့် အနေ အထားရှိသဖြင့် PDF များ လှုပ်ရှားရာဒေသများတွင် လက်နက်ခဲယမ်းစီးဆင်းမှုများကို ကန့်သတ်ကာ လေကြောင်း တိုက်ခိုက်မှုများနှင့်အတူ ထိုးစစ်ဆင်လာနိုင်ကြောင်း သုံးသပ်ထားကြသည်။







