ဘားအံ-မြဝတီကားလမ်းပေါ်တွင် ခရီးသွားများကို ခရိုင်ထွေအုပ်ကပြည်သူ့စစ်အတွက် အဓမ္မဖမ်းဆီးခေါ်နေ

ဘားအံ-မြဝတီကားလမ်းပေါ်တွင် ခရီးသွားများကို ခရိုင်ထွေအုပ်ကပြည်သူ့စစ်အတွက် အဓမ္မဖမ်းဆီးခေါ်နေ

ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ခရီးသည်များကို ဘားအံ ခရိုင် အထွေထွေအုပ်ချုပ်ရေးက ဦးဆောင်ကာ အတင်းအဓမ္မ ပြည်သူ့စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဘားအံ ခရိုင် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများမှ ယင်းကဲ့သို့ ခရီးသွားပြည်သူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည်မှာ ၁၀ကြိမ်အထက်ရှိနေကြောင်း ခရီးသည်ယာဉ်မောင်များက ဆိုသည်။

ဇွန်လ ၁၅ရက်နေ့တွင် ရန်ကုန်- မြဝတီ ခရီးသည်ယာဉ်တစီးကို တားဆီးကာ ဖမ်ဆီးခဲ့ကြောင်း ယင်းဖြစ်စဉ်မှ လွတ်မြောက်လာသူ တဦးက ဆိုသည်။

“ဘားအံမြို့အထွက် အာရှကားလမ်းပေါ်တတ်ကာနီးမှာ စစ်ဆေးရေးဂိတ်မဟုတ်ဘဲ စစ်ကားတွေ ရဲကားတွေနဲ့ တားပြီး ဖမ်းတာပါ။ အဓိက ထွေအုပ် သုံးယောက်က မှတ်ပုံတင်တွေ ဖုန်းတွေယူပြီး စစ်တယ်။ အသက်ပြည့်တဲ့ အမျိုးသားတွေကို အထုပ်တွေကားပေါ်က အတင်းချပြီး ကျနော်တို့ကို ခေါ်သွားတာပါ”ဟု လွတ်မြောက်လာသူ ကိုလင်း(အမည်လွဲ)မှ ဆိုသည်။

ဖမ်းဆီးရာတွင် စစ်အုပ်စုလက်အောက်ခံ ထွေအုပ်ဝန်ထမ်း သုံးဦး၊ ရဲ ရှစ်ဦး၊ စစ်သား နှစ်ဦး ပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းမှ ဦးဆောင် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုကားပေါ်မှ ကိုလင်းနှင့် အမျိုးသားသုံးဦးကို ခေါ်ဆောင်သွားသလို အခြားကားများပေါ်မှ အမျိုးသား ၃၀ နီးပါးကိုလည်း ကားပေါ်တင်ကာ ဘားအံမြို့ရှိ တပ်မ (၂၂) လက်အောက်ရှိ စစ်သားစုဆောင်းရေး ဝန်းတခုထဲကို ခေါ်ဆောင်သွားခဲ့ကြောင်း ဆိုသည်။

ခေါ်ဆောင်ခံရသူများထဲတွင် စစ်အုပ်စုနှင့် ပတ်သတ်သည့်သူများကို ပြန်လည်လွှတ်ပေးခဲ့သလို ငွေကြေးပေး၍ ပြန်လည်လွတ်မြောက်ခဲ့သည့်သူများလည်း ရှိကြောင်း ဆိုသည်။

အချို့ကို ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များမှ လိုက်လံ ကူညီကာ ပြန်လည်ခေါ်ဆောင်ခဲ့သည်များလည်း ရှိကြောင်း သိရသည်။

“ စစ်တပ်ဝန်းထဲရောက်တော့ အထက်ကို ဖုန်းဆက်ပြီး တင်ပြတာကို ကြားတယ်။ အဲ့မှာ ဒီဝန်းထဲမှာ ငါအကြီးဆုံးပဲလို့ ပြောတဲ့သူက ထွေအုပ်ကသူကို ‘ကျနော် ဘယ်နှစ်ယောက်လို့ ပြောလိုက်ရမလဲ’ လို့မေးတော့ ၁၂ ယောက်လို့ ဖြေလိုက်လို့ပြောတယ်။ တကယ်က အယောက်၃၀လောက်ရှိမယ်။ ကျန်တဲ့သူတွေက ငွေကြေးနဲ့ ညှိမယ့်သဘောရှိတယ်။” ဟု လွတ်မြောက်လာသူ ကိုလင်း(အမည်လွှဲ) က ဆိုသည်။

ကိုလင်းဆိုသူသည် ယာဉ်မောင်းများ၏ အကူညီဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်ခြင်းဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် စစ်သားစုဆောင်းရေးတပ်ဝန်းထဲတွင် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် စစ်အုပ်စုတပ်သားများမှာ “အရက်ဝိုင်း” ဖွဲ့ကာ တနေ့တာ ဖမ်းဆီးရသူများ စာရင်းများကို ပြောပြီး အောင်ပွဲခံနေကြောင်း မျက်မြင်များ၏ ပြောဆိုချက်များအရသိရသည်။

အခြားပြန်လည်လွတ်မြောက်လာသူ ကိုရဲ (အမည်လွှဲ) ကလည်း “ကျနော့် အဖေက ဝန်ထမ်းပါ အဖေ့အမည်၊ ရာထူးပြောပြီး အဖေကို ဖုန်းဆက်အကြောင်းကြားတော့ ကျနော့်ကို လွှတ်ပေးလိုက်ပါတယ်။ အထဲမှာ အများကြီး ကျန်ခဲ့တယ်။ သူတို့ ကျနော့်ကို အကူညီတောင်းနေတဲ့ မျက်နှာကို ကျနော်မမေ့ပါဘူး။ ကျနော်လည်း ဘာမှ မတတ်နိုင်တာ ကျနော်လွတ်လာတာပဲ ကံကောင်းတယ်ပြောရမယ်”ဟု ဆိုသည်။

ယင်းဖြစ်စဉ်တွင် ဦးဆောင်ဖမ်းဆီးခဲ့သူ ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးမှ မည်သူဆိုသည်ကို မဇ္ဈိမက ဆက်လိုက်စုံစမ်းနေဆဲဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် စစ်အုပ်စုက စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးနောက် နိုင်ငံအနှံ့ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ကာ လူအင်အားစုဆောင်းမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ဒေသခံများနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူများ၏ အဆိုအရ မကြာသေးမီလများအတွင်း နေအိမ်များ၊ အလုပ်ခွင်များ၊ လမ်းသွားလမ်းလာများနှင့် အဝေးပြေးခရီးသည်များအထိ ဖမ်းဆီးခေါ်ဆောင်သည့် ဖြစ်စဉ်များ ပိုမိုများပြားလာနေကြောင်း သိရသည်။ သာသနာ့ဝန်ထမ်း ကိုရင်တပါးကိုပါ အတင်းအဓမ္မစစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဘားအံ-မြဝတီ အာရှလမ်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးနှင့် ခရီးသွားလမ်းကြောင်းဖြစ်ပြီး နေ့စဉ် ခရီးသည်နှင့် ကုန်တင်ယာဉ် အများအပြား ဖြတ်သန်းသွားလာနေသည့် လမ်းမကြီးဖြစ်သည်။

ယင်းလမ်းကြောင်းပေါ်တွင် ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားလာခြင်းကြောင့် အရပ်သားများ၏ လွတ်လပ်စွာ သွားလာခွင့်နှင့် လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

July 1, 2026
နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ...
June 30, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီး နှစ်နှစ်ကျော်ကြာ ပြတ်တောက်နေသော်လည်း...
June 29, 2026
စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်အုပ်စုတပ်က ဇွန်လ ၂၇ ရက်...
Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...