CDF – Zophei ဌာနချုပ်နှင့် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၇ စီးဖြင့် ဗုံးကြဲ

CDF – Zophei ဌာနချုပ်နှင့် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၇ စီးဖြင့် ဗုံးကြဲ

ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CDF – Zophei ဌာနချုပ်နှင့် အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က  ဂျက်ဖိုက်တာ ၇ စီးဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်အတွင်းရှိ CDF – Zophei ထိန်း ချုပ်ဒေသက ၎င်းတပ်ဖွဲ့၏ ဌာနချုပ်နှင့် အနီးဝန်းကျင်တို့ကို ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ နေပြည်တော်မှ ဂျက်ဖိုက်တာ ၂ စီး၊ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး၊ မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး၊ မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး ၊ စုစုပေါင်း ၇ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်သွားခြင်းဖြစ်သည်။ 

“ဇွန်လ ၁၁ ရက်မှာ CDF - Zophei ဌာနချုပ် နဲ့ ပတ်ဝန်းကျင်အား နေပြည်တော် ၂စီး၊ တံတားဦး ၂စီး၊ မိတ္ထီလာ ၁စီး၊ မကွေး ၂စီး စုစုပေါင်း ဖိုက်တာဂျက် ၇စီးဖြင့် အပြင်းအထန် ဗုံးကြဲခံရတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇိုဖေရမ်ကောင်စီ၏ ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်သူ ဆရာမ Van Dawt Chin (ဝါ) ချင်းချင်း (Chin Chin) ကျဆုံးခဲ့သည်ဟု သိရသည်။ 

ဂျက်ဖိုက်တာ ၇ စီးဖြင့် လေကြောင်းဗုံးကြဲမှုတွင် ပြည်သူများ ထိခိုက်ဒဏ်ရာရမှု အခြေအနေများနှင့် နေအိမ်အဆောက်အဦပျက်စီးမှု အခြေအနေများအပါအဝင် အသေးစိတ်အခြေအနေများကို‌ ခိုနူမ်းသုန်အနေဖြင့် ထပ်မံစုံစမ်းနေ ဆဲဖြစ်ပါသည်။ 

ဇွန်လ ၁၁ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအတွင်း CDF – Zophei ဌာနချုပ်နှင့် အနီးပတ်ဝန်းကျင်ကို စစ်တပ်သည် ဂျက်ဖိုက်တာ ၇ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၁ ကြိမ် လေကြောင်းအင်အားအလုံးအရင်း အသုံးပြုခဲ့ပြီး ဗုံးအရေအတွက်ကို မသိရှိရကြောင်း အခြားစစ်ရေးသတင်းရင်းမြစ်ထံမှလည်း သိရသည်။ 

ဇွန်လ ၄ ရက်မှ စတင်၍ ဟားခါးမြို့မှ စစ်ကြောင်းထိုး လာသော စစ်တပ်၏ အင်အားရာချီ စစ်ကြောင်းသည် ဇွန်လ ၆ ရက်နှင် ၈ ရက်တို့တွင် ထန်တလန်မြို့နယ်ထဲက C3 တောင်ကုန်းနှင့် အော်တိုတောင်ကုန်းတို့ကို သိမ်းပိုက်ကာ ဇွန်လ ၉ ရက်တွက် ထန်တလန်မြို့ထဲကို ရောက်ရှိသွားပြီးနောက် ၂ ရက်အကြားမှာ ယခုကဲ့သို့ ဇိုဖေဒေသထဲကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လားခြင်းဖြစ်သည်။ 

ဇွန်လ ၁၀ ရက်ကလည်း CDF-Thantlang တပ်ဖွဲ့၏ စခန်းတစ်ခုကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သည်။ 

စစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းကိုသာမက တောင်ပိုင်းဒေသများကိုပါ လေကြောင်းတိုက်ခိုက်မှုများ အပြင်း အထန် ပြုလုပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

Most read this week

August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...
August 8, 2026
နေရပ်စွန့်ခွာ မြန်မာပြည်သူများ အရေးကို လျစ်လျူရှုခဲ့သည့် စစ်အုပ်စု ခေါင်းဆောင်...
August 6, 2026
မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု...