ရခိုင်တွင် သွေးအလှူရှင်အသင်း လုပ်ငန်းလည်ပတ်မှုများ အားနည်းလာ

ရခိုင်တွင် သွေးအလှူရှင်အသင်း လုပ်ငန်းလည်ပတ်မှုများ အားနည်းလာ
ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)

စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့် တက်လာခြင်းတို့ကြောင့် အာရက္ခတပ်တော်ထိန်းချုပ်ဒေသက သွေးအလှူရှင် အသင်းများသည် အခက်ခဲမျိုးစုံနှင့် ရင်ဆိုင်နေရပြီး အသင်းပုံမှန်လည်ပတ်နိုင်မှု နည်းပါလာကြောင်း ပြောဆိုနေကြသည်။

အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းနှင့် စစ်တပ်၏ လေကြောင်း အန္တရာယ်ကြောင့် အသင်းဝင်များနှင့် အချိန်မီ ချိတ်ဆက်အလုပ် လုပ်ကိုင်ရေးတို့တွင် နှောင့်နှေးမှု ရှိနေကြသည်။

ထို့အတူ ပြည်သူများ၏ စီးပွားရေး ကျပ်တည်မှုများကလည်း ရခိုင်ပြည်က သွေးလှူရှင်အသင်းများ၏ ပုံမှန်လုပ်ငန်း လည်ပတ်မှုကို အဟန့်အတားဖြစ်စေကြောင်း ဆိုကြသည်။

လက်ရှိတွင် အရေးပေါ်လူနာများအတွက် သွေးလိုအပ်မှုအပိုင်းတွင် ခက်ခက်ခဲခဲ ရှာဖွေနေရကြောင်း ရခိုင်လူထု ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (RCDF)၏ ဥက္ကဋ္ဌ ကိုထွန်းလင်းက DMG ကို ပြောသည်။

“ အသင်းဝင်တွေက အလွန်နည်းလာတဲ့အတွက် အရေးပေါ် သွေးလိုအပ်မှု ရှိလာတဲ့အခါ ခက်ခက်ခဲခဲ ရှာဖွေ နေရပါတယ်။ သွေးလိုအပ်မှုအပေါ် မှုတည်ပြီး ရွာတိုင်းမှာ ရှိတဲ့ အသင်းဝင်တွေကို သွားရောက်တွေ့ ဆုံမှုတွေ ပြုလုပ်ရတယ်။ အသင်းဝင်တွေနဲ့ မတွေ့တဲ့အချိန်တွေမှာဆိုရင် သွားလာစရိတ်တွေ ကုန်ပြီး ပြန်လာရတာလည်း ရှိပါတယ်” ၎င်းက ဆိုသည်။

ဆက်လက်၍ “ အခုနောက်ပိုင်းမှာ (ULA/AA) ရဲ့ ဌာနဆိုင်ရာတွေမှာ ဝင်လုပ်တဲ့ လူငယ်တွေ များလားတယ်။ အထူးသဖြင့် စစ်မှုထမ်းထမ်းသွားရတဲ့ လူငယ်တွေ တိုးလာတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ကာ ကျော်ဖြတ်နေရပါတယ်။ တစ်ချို့ သွေးအလှူရှင် အသင်းတွေဆို အသင်းဝင် နည်းပါးလာတဲ့အတွက် အလုပ်နားရတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်နေရပါတယ် ” ဟု RCDF ဥက္ကဋ္ဌ ကိုထွန်းလင်းက ပြောသည်။

ယခင်နှစ်များက သွေးလှူရှင် အသင်းဝင်များသည် ရွာတိုင်းတွင် ရှိပြီး သွေးလိုအပ်မှုပေါ် မှုတည်ကာ သွားရောက်တွေ့ ဆုံမှုများ ပြုလုပ်နိုင်သော်လည်း ယခုအချိန်တွင် အသင်းဝင်များ၏ စားဝတ်နေရေးကြောင့် နေရပ်စွန့်ခွာခြင်း၊ ရွှေ့ပြောင်း အခြေချခြင်းနှင့် စစ်မှုထမ်းသွားရသည့် လူငယ်များ တိုးလာနေကြောင်း ပြောသည်။

ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန် အသင်းရန်ပုံငွေ နည်းပါးခြင်းကလည်း သွေးအလှူရှင်အသင်းများ၏ လုပ်ငန်းများအပေါ်တွင် သက်ရောက်မှုရှိကြောင်း ကိုထွန်းလင်း ဆိုသည်။

အခြားတစ်ဖက်တွင်လည်း အရေးပေါ် ယာဉ်လိုအပ်ချက်နှင့် စက်သုံးဆီစရိတ်ကြီးမြင့်နေခြင်းများမှာ သွေးအလှူရှင် အသင်းများ၏ ပုံမှန်လုပ်ငန်းများကို ထိခိုက်စေကြောင်း သိရသည်။

အခုနောက်ပိုင်းတွင် ဆေးဝါး ဈေးနှုန်းအဆမတန် မြင့်တက်လာခြင်းများကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ဘီပိုး၊ စီပိုးကာကွယ်ဆေးများနှင့် သွေးအားတိုးဆေးတွေကို အခမဲ့ ထောက်ပံ့စေလိုကြောင်း မြတ်သဒ္ဓါ ပရဟိတ သွေးလှူရှင်များအသင်း ပြန်ကြားရေး တာဝန်ခံ မလှနုကျော့က ပြောသည်။

“ ကျမတို့ အသင်းအနေနဲ့ လူနာရှင်တွေ အကူအညီတောင်းတဲ့ပေါ် မှုတည်ပြီး တစ်လကို ၄လုံး ၅လုံး‌လောက် လှူ ဖြစ်ပါတယ်။ ယာဉ်မရှိတဲ့ အတွက်ကြောင့် အခြေအနေပေါ် မှုတည်ပြီး လိုအပ်သလို စီစဉ်လိုက်ရတာတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ ဓာတ်ဆီတွေ ဈေးနှုန်းမြင့်တက်လာတွေကြောင်း ပိုမို အခက်အခဲတွေနဲ့ ကြုံတွေ့ရပါတယ် ” ဟု မြတ်သဒ္ဓါ ပရဟိတ သွေးလှူရှင်များအသင်း ပြန်ကြားရေး တာဝန်ခံ မလှနုကျော့က ပြောသည်။

အခုအချိန်မှာ သွေးလှူရှင် အသင်းများသည် ကျေးရွာများသို့ သွားရောက်ပြီး အသိပညာပေးမှုပြုလုပ်ခြင်း စေတနာ့ ဝန်ထမ်း ဖိတ်ခေါ်ခြင်းများကို လုပ်နေကြသည်။

သို့သော်လည်း မိသားစု ငွေကြေး ကျပ်တည်မှု၊ စီးပွားရေး အခက်ခဲများကြောင့် နိုင်ငံခြားကို ထွက်ခွာသူများ ရှိနေပြီး ရခိုင်လူမှုကူညီရေး အဖွဲ့အစည်းများမှာလည်း လူဦးရေ အင်အား လျော့လာနေသည်။

အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ကျန်းမာရေး ဝန်ထမ်း မလုံလောက်မှု၊ ဆေးဝါးနှင့် ရောဂါရှာဖွေရေး ကိရိယာအစုံအလင်မရှိခြင်းကြောင်း သွေးလိုအပ်ချက်အပါဝင် ကျန်းမာရေး ပြဿနာ ပေါ်ပေါက်လာပါက အခက်အခဲများကို ကြုံတွေ့ ခံစားနေကြရသည်။

ယင်းကြောင့် ပြည်သူအသက်ကို အချိန်မီကယ်တင်ရေး မရှိမဖြစ်လိုအပ်သည့် သွေးအလှူရှင်အသင်းများသည် ရခိုင်ပြည်တွင် အင်အားကောင်းလာစေရန် ထောက်ပံ့များ အရေးတကြီးလိုအပ်နေကြောင်း လူမှုကူညီရေး အသင်းအဖွဲ့များက ထောက်ပြနေကြသည်။

Most read this week

ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...