ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
တောင်မော်ဦး ရေတပ်အနီးတွင် မေလ ၁၀ ရက်မှ စတင်၍ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး လက်ရှိတွင် စနဲမြို့နှင့် အနီးနားကျေးရွာ ၁၄ ရွာက ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်တာ တစ်ပတ်နီးနီး ရှိပြီ။ ဒေသခံတွေရော စစ်ဘေးရှောင်တွေရော အကုန်တိမ်းရှောင်ကြတယ်။ စနဲအနီးက ရွာပေါင်း ၁၀ ကျော်က အကုန်ပြေးနေရတယ်။ အဓိကတော့ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတာ။ နေဗီတွေက လက်နက်ကြီးပစ်ခတ်တွေကြောင့် ထွက်ပြေးနေကြတာ ” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယနေ့တွင်လည်း တောင်မော်ဦး ရေတပ်စခန်းနှင့် အဝတောင်ကျေးရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး မေလ ၁၃ ရက်ကလည်း စံပယ်ချောင်းကျေးရွာအနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၁၀ ကျော်မှ ခန့်မှန်း လူဦးရေ ၅,၀၀၀ ခန့် တိမ်းရှောင်နေရပြီး အရေးပေါ်အကူ အညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောကြသည်။
“ လတ်တလော တိုက်ပွဲကြောင့် ထပ်တိုးစစ်ရှောင် အရေအတွက်ကလည်း ၅,၀၀၀ လောက် ရှိတယ်။ စစ်ရှောင်တွေ အခက်အခဲရှိနေလို့ အရေးပေါ် အကူအညီတွေ အများကြီး လိုနေပါတယ်။ ဒီစစ်ဘေးရှောင်တွေဟာ အရင်တုန်းက ကျောက်ဖြူမြို့ကနေ ထွက်လာသူတွေလည်း ရှိသလို အခု အသစ်ပြန်ပြီး ထွက်ပြေးရသူတွေလည်း ပါတယ် ” ဟု ကျောက်ဖြူမြို့နယ်မှ စစ်ရှောင်အရေး ကူညီပေးနေသူ တစ်ဦးက ပြောသည်။
ထွက်ပြေးနေရသည့်ဒေသခံများမှာ စနဲမြို့၊ အဝတောင်၊ စံပယ်ချောင်း၊ မျှောချောင်း၊ တောင်မော်၊ ကျောက်ဆည်၊ အလယ်ဒွိန်၊ ဒွေးချ စသည့် ကျေးရွာများဖြစ်ပြီး ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များသို့ တိမ်းရှောင်နေရခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် ကျောက်ဖြူမြို့ကို မေလ အစောပိုင်းမှ စ၍ ရေကြောင်း၊ လေကြောင်းဖြင့် စစ်အင်အား၊ လူအင်အားအများအပြား ဖြည့်တင်းထားပြီး လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေသည်။
လက်ရှိ ကျောက်ဖြူတိုက်ပွဲများသည် မြို့နှင့်အနီး သိုင်းချောင်း၊ ချောင်းမြောင်၊ ဒိုးမတောင်စသည့် နေရာများနှင့် စနဲ့မြို့အနီး တောင်မော်ဦးရေတပ်စခန်း အနီးတို့တွင် စစ်မျက်နှာနှစ်ခု ဖြစ်နေခြင်းဟု ဒေသခံများက ဆိုသည်။
ယင်းကြောင့် လက်ရှိမှာ စစ်အုပ်စုက အင်အားဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်မှုများ လုပ်လာနေပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း စစ်ရေးအခြေအနေသိရှိသူများက သုံးသပ်နေကြသည်။
ကျောက်ဖြူမြို့နယ်သည် တရုတ်စီမံကိန်းများ ရင်းနှီးမြှုပ်နှံထားရာ နေရာဖြစ်သဖြင့် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဘက်စလုံးအတွက် နိုင်ငံရေး၊ စစ်ရေးအရ အရေးပါသည့်နေရာလည်းဖြစ်သည်။
မေလ ၉ ရက်က စစ်အစိုးရခန့်အပ်ထားသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေတို့သည် ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်း ဧရိယာများကို သွားရောက်စစ်ဆေးခဲ့ပြီး စီမံကိန်း လုံခြုံရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၂၇ ခုနှစ် မတိုင်မီ ရခိုင်ပြည်က လက်ကျန်မြို့များကို အပြီးသတ်သိမ်းမည်ဟု အာရက္ခတပ်တော် တပ်မှူးချုပ်က ပြောထားပြီးနောက် ကျောက်ဖြူတိုက်ပွဲများသည်လည်း ယခင်ကထက် ပြင်းထန်လာနေခြင်း ဖြစ်သည်။
ပုံစာ - ၂၀၂၆ ခုနှစ်၊ မေလအတွင်း တိုက်ပွဲများကြောင့်စစ်ဘေးတိမ်းရှောင်နေရသည့် ကျောက်ဖြူစစ်ဘေးရှောင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - Naing Lin Htun







