ရေးမြို့နယ်မြောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွား

ရေးမြို့နယ်မြောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွား
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်

စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင် ရေးမြောက်ပိုင်းတစ်ဝိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်သည်။

မေ ၈ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်တွင် အင်အား ၃၀၀ ကျော်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းက ရေးမြို့နယ်မြောက်ပိုင်းအတွင်း ရောက်ရှိလာစဥ် လိမ္မာခြံရွာနှင့် နှစ်ကရင်ရွာလမ်းဆုံကြား၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ တိုက်ပွဲကတော့ မနက် ၁၁ နာရီ လောက်မှာ ဖြစ်သွားတယ် မိနစ် ၂၀ လောက်ကြာတယ်။ လက်နက်ကြီးတော့ မပစ်ဘူး လက်နက်ငယ်နဲ့ ၄၀ မမ တွေပဲ ပစ်တာရှိတယ်။ နှစ်ဖက်စလုံးက ထိခိုက်သွားကြတယ် စစ်တပ်ဘက်ကလဲ ခြေပြတ်သွားတာရှိတယ် ရော်ဘာခြစ်သမားတွေလဲ ရှောင်လိုက်ရတယ် ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု ‌ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ (၆) တပ်ရင်း (၂၇) ခွဲ (၁)နှင့် တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်တို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ဘက်မှ ၎င်းတို့ ဆုတ်ခွာသွားသည့် လမ်းကြောင်းတစ်လျှောက်ရှိ ရော်ဘာခြံလုပ်သားများ၏ တန်ဖိုးကြီး၊ တန်ဖိုးနည်း ပစ္စည်းအားလုံး သိမ်းယူလိုက်ကြောင်း သိရသည်။

ဥယျာဉ်ခြံလုပ်ကိုင်နေသည့် ဒေသခံများသည် စစ်ကော်မရှင်စစ်တပ်မှ အင်းအားအများအပြားဖြင့် စစ်ကြောင်းထိုးနေသဖြင့် စိုးရိမ်ထိန့်လန့်နေကြပြီး ဥယျာဉ်ခြံတွင် ရှောင်တိမ်နေရကြောင်းလည်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ ငပိကအစ အကုန်ယူလိုက်တာ။ ပြောင်သွားတယ် ဘာဆိုဘာမကျန်ဘူး နောက်တခြံမှာလဲ ဖုန်း ၅ လုံး ဆိုလာ ဘက်ထရီ အဝတ်အစား အကုန်ယူတာ သူတို့အင်အားက ၃၀၀ လောက်ရှိတယ်။ ၂၀၀ လောက်က တွေ့နေရတယ်။ နောက်ထပ် ၁၀၀ က ပုန်းနေတာ။ အခုဆို ရော်ဘာခြံသမားတွေ ပြန်ကုန်ကြပြီး မနေရဲ‌ကြတော့ဘူး။ မနေ့ကတည်းက တိုက်ပွဲဖြစ်လို့ ပြေးနေတာ စစ်တပ်ဘက်က အင်းအားအများကြီးတော့ ကြောက်နေကြတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ရေးမြို့နယ်မြောက်ပိုင်းအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီမှစ၍ စစ်တပ်ဘက်က အပြင်းအထန်း ထိုးစစ်ဆင်နေပြီး ယနေ့အထိ ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ စစ်အင်အားများလည်း ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။

စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေသည့်အတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဧပြီလတွင် ရေးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်တပ်အဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ၄ ကြိမ်ထပ်မနည်း ဖြစ်ပွားခဲ့သည်။

ထိုကြောင့် ဒေသခံပြည်သူများအနေဖြင့် ရေးမြို့နယ် မြောက်ပိုင်းဒေသတဝိုက်နှင့် အမှတ် (၈) ပြည်ထောင်စု ရေး-သံဖြူဇရပ်လမ်းပိုင်းတို့တွင် အချိန်မရွေး တိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် သတိပြု သွားလာနေထိုင်ကြပါရန် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ တိုက်တွန်းထားသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...