ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်များ ကျန်းမာရေးခက်ခဲနေ

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်များ ကျန်းမာရေးခက်ခဲနေ

စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။

အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့် မိုင်ပေါင်း ၂၅ မိုင်ခန့်သာ ဝေးကွာနေပြီး မိုးရာသီကာလတွင် လမ်းများ ချော်ကာ သွားလာရန် ခက်ခဲကြောင်း သိရသည်။

“သာမန်အချိန်တောင် သွားလာရခက်တာ။ မိုးနှစ်ရက် သုံးရက်ရွာရင် လမ်းတွေက လုံးဝချော်ပြီး ဆိုင်ကယ် မတက်နိုင် မဆင်းနိုင်ဖြစ်သွားတယ်။ လမ်းကျဉ်းပြီး အန္တရာယ်များတယ်။” ဟု တောင်ပေါ်ဒေသသို့ ကျန်းမာရေး ပရဟိတ လုပ်ဆောင်ပေးနေသည့် ဆရာဝန် နန်းမားလားဝမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး ပိုဆိုးရွားသဖြင့် နာမကျန်း ဖြစ်သော လူနာများ ကျိုင်းတုံမြို့ရှိ ဆေးရုံနှင့်ဆေးခန်းများသို့ အချိန်မီ မရောက်နိုင်ကြဘဲ လမ်းတွင်သေဆုံးမှုများ ဖြစ်ပွားနေကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များသည် အချိန်မီဆေးကုသမှု မရရှိနိုင်သဖြင့် အန္တရာယ်ပိုကြီးမားကြောင်း ဆရာဝန် နန်းမာလာဝမ်းက ဆိုသည်။

“တောင်ပေါ်မှာကိုယ်ဘာသာမွေးရတာတွေရှိပြီး တချိုက အဆင်ပြေသွားပေမယ့် တချို့မှာ ကလေးမထွက်ဘဲ အခြေအနေဆိုးပြီး သေဆုံးတာရှိတယ်။ မြို့ပေါ်လာဖို့ကလည်း ခက်တယ်။ ဆိုင်ကယ်ကလည်း မစီးနိုင်ဘူးလေ” ဟု ၎င်းကဆိုသည်။

လူနာများသည် တောင်ပေါ်ဒေသမှ ကျိုင်းတုံမြို့ရှိ ဆေးရုံ နှင့် ဆေးခန်းသို့ ဆိုင်ကယ်ဖြင့် ၂ နာရီထက်မနည်း မောင်းရကြောင်း၊ ကိုယ်ဝန်သည်များအတွက် ဆိုင်ကယ်စီးနင်းရန် ခက်ခဲကြောင်း သိရသည်။

တောင်ပေါ်ဒေသ နေထိုင်သည့်သူများသည် ခေတ်အဆက်ဆက် အစိုးရ ဆောက်လုပ်ပေးမည့် လမ်းပန်းဆက်သွယ်ရေးကို မျှော်လင့်ခဲ့သော်လည်း မည်သည့် အစိုးရမှ ကူညီထောက်ပံ့ခြင်းမရှိခဲ့ပေ။

“ လမ်းတွေက အရမ်းဆိုးတယ်။လမ်းပန်းမကောင်းတော့ ပညာရေး၊ကျန်းမာရေး ကလည်း အဆင်မပြေဘူး။ ဒီလမ်း၊ ဆေးခန်းတွေက အစိုးရလုပ်ပေးမှ ရတဲ့အရာဆိုတော့ အစိုးရဆီကို အများကြီးမျှော်လင့်ထားတာပေါ့” ဟု ဆရာဝန် နန်းမာလာဝမ်းက ဆိုပြန်သည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာလျှင် ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိနိုင်မှု သာမက ပညာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ အရည်အသွေးများလည်း တိုးတက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိကျေးရွာများတွင် သျှမ်း၊ အားခါ၊ အဲန်(အန်း)၊ (တအာင်း)ပလောင် စသည့် လူမျိုးစုတို့ နေထိုင်ကြကြောင်းသိရသည်။

April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...