ညောင်ရွှေနှင့် အင်းလေးဒေသတွင် အရပ်ဘက်အဖွဲ့အစည်းများကို စစ်အုပ်စုတပ် လိုက်လံဖမ်းဆီးနေ

ညောင်ရွှေနှင့် အင်းလေးဒေသတွင် အရပ်ဘက်အဖွဲ့အစည်းများကို စစ်အုပ်စုတပ် လိုက်လံဖမ်းဆီးနေ
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်အုပ်စုတပ်က လိုက်လံဖမ်းဆီးလျက်ရှိသည်။

ထိုသို့ ဖမ်းဆီး တင်းကျပ်မှုများကြောင့် ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့ လုပ်ငန်းများ ရပ်ဆိုင်းထား ရကြောင်း ညောင်ရွှေမြို့နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွင် လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ညောင်ရွှေ အင်းလေးဘက်မှာ အခု CSO လုပ်နေတဲ့သူတွေကို လိုက်ဖမ်းတာ။ အင်းလေးရွာဘက်တွေမှာ စစ်ကြောင်းနဲ့ ဝင်စစ်ပြီး ဖမ်းတာတို့ လုပ်တယ်။ ညောင်ရွှေက ဟိုတယ်မှာဆို အထဲထိ ဝင်ဆွဲဖမ်းတယ်။ ကျနော် ရဲ့ အသိ တစ်ယောက်လည်း အဖမ်းခံရတယ်” ဟု ၎င်းက ပြောသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေအရ အစိုးရမဟုတ်သော အသင်းအဖွဲ့များ မှတ်ပုံတင်ထားခြင်း မရှိလျှင်သော် လည်းကောင်း၊ နိုင်ငံရေးနှင့် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်လျှင်သော်လည်းကောင်း အရေးယူမည်ဟု ထည့်သွင်းထားပြီး ထိုဥပဒေကို အကြောင်းပြကာ ညောင်ရွှေမြို့နယ်အတွင်း ဖိအားပေး ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထိုသို့ စစ်အုပ်စုတပ်မှ ဖမ်းဆီးမှုများ လုပ်ဆောင်လာသောကြောင့် အရပ်ဘက်အဖွဲ့အစည်းများ အလုပ်ရပ်ဆိုင်း ထားကြရပြီး အင်းလေးသွားလမ်းတွင်လည်း စစ်အုပ်စုတပ်က စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

ထို့ပြင် စစ်အုပ်စုတပ်က ညောင်ရွှေမြို့ပေါ်တွင် လာရောက်နေထိုင်သူများကိုပါ ညဘက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်လာသောကြောင့် ခရီးသွားလာသူ နည်းပါးလာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကလည်း ညောင်ရွှေမြို့သို့ ရောက်ရှိလာသည့် ဧည့်သည်အမျိုးသားနှစ်ဦးကို စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့က နံနက် ၁ နာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အရပ်ဘက် CSO အဖွဲ့အစည်းများကို ဖိအားပေး တင်းကျပ်လာသောကြောင့် အင်းလေးဒေသအတွင်း ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်း ဆောင်ရွက်မှုများ ရပ်ဆိုင်းသွားနိုင်သည့်အတွက် ဒေသခံများခက်ခဲကြုံတွေ့ရမည်ကို စိုးရိမ်နေ ကြကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီလို အဖွဲ့အစည်းတွေလာပြီး လုပ်ဆောင်ပေးနေသေးလို့ အင်းလေးဒေသက ချောင်လည်နေတာ၊ ဒီအဖွဲ့အစည်း တွေက အင်းလေးဒေသအတွက် တစိတ်တဒေသ အထောက်ကူပြုတယ်၊ ဒီအဖွဲ့အစည်းသာ မရှိရင် အင်းလေးက အရင်လိုခက်ခဲလာမှာ ရေကြီးမှုတွေဖြစ်ခဲ့ရင်တောင် လက်နက်ကိုင်တွေက ကူညီတာမဟုတ်ဘူး” ဟု ၎င်း အမျိုးသမီးက ပြောသည်။

လက်ရှိတွင် ညောင်ရွှေမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း၍ ပေါ်တာဆွဲ ဖမ်းဆီး ခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်နေပြီး အင်းလေးဒေသတွင်လည်း အင်အားသုံးစစ်ကြောင်းထိုးမှုများ ပြုလုပ်လျက်ရှိသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...